1. Home
  2. Good Morning Myanmar

မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ ပဏာမအဆင့် ရန်ကုန်ပွဲစဉ်များစပြိုင်

Good Morning Myanmar ส.ค. 30, 2560 view 1,432

ပြန်ကြားရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့ Forever Group မှ စီစဉ်ကျင်းပတဲ့ မြန်မာ့ ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲရဲ့ ရန်ကုန်တိုင်းအတွက် ပဏာမအဆင့်ယှဉ်ပြိုင်မှုတွေကိုတော့ သြဂုတ်လ (၂၇)ရက်နေ့ကစပြီး ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်နေပါတယ်။ သြဂုတ်လ(၂၇)ရက်နေ့က ပြုလုပ်တဲ့ မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲဖွင့်ပွဲကိုတော့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ ပဏာမ အဆင့်အတွက် ရန်ကုန်မှာတော့ အငြိမ့်အဖွဲ့ပေါင်း(၂၁)ဖွဲ့က ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ သြဂုတ်လ(၂၇)ရက်နေ့ကနေ သြဂုတ်(၃၀)ရက်နေ့အထိ ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး အဲ့ဒီထဲက အကောင်းဆုံး(၃)သင်းကို ရွေးချယ်မှာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာလည်း မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲရဲ့ ပဏာမအဆင့်ပြိုင်ပွဲကို သြဂုတ်လ(၂၈)ရက်နေ့ကနေ သြဂုတ်လ(၃၀)ရက်နေ့အထိ မန္တလေးအမျိုးသားဇာတ်ရုံမှာကျင်းပမှာ ဖြစ်ပြီး အဲ့ဒီမှာတော့ အသင်းပေါင်း (၁၃)သင်းပါဝင် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မန္တလေးကရွေးချယ်လိုက်တဲ့ အဖွဲ့(၃)ဖွဲ့နဲ့ရန်ကုန်ကအဖွဲ့(၃)ဖွဲ့ဟာ လာမယ့် စက်တင်ဘာ(၂၀)ရက်နဲ့(၂၁)ရက်နေ့တွေမှာ ရန်ကုန်မှာ နောက်ဆုံးဖိုင်နယ်ပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာတော့ အဖွဲတစ်ဖွဲ့ကို အချိန်(၁)နာရီယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေ ပထမ၊ဒုတိယ၊တတိယအပါအ၀င် အထူးဆု(၃)ဆုနဲ့အကောင်းဆုံး မင်းသမီးဆု၊ အကောင်းဆုံးလူရွှင်တော်အဖွဲ့ဆု၊ပရိသတ်အကြိုက်ဆုံးအဖွဲ့ဆု စုစုပေါင်းဆု(၁၀)ဆု ချီးမြင့်မှာ ဖြစ်ပါတယ်။



Follow us on