1. Home
  2. Special or Others

မဖြစ်နိုင်ဘူးဆိုတာတွေကို ဘဝမှာအကြိမ်ကြိမ် ကျော်လွှားနိုင်ခဲ့သူ လက်နှစ်ဖက်မပါတဲ့ အမျိုးသမီး

Special or Others ส.ค. 31, 2560 view 2,382

မွေးရာပါ လက်နှစ်ဖက်လုံးမပါတဲ့ အမေရိကန်−ဖိလစ်ပိုင် ကပြားအမျိုးသမီးတစ်ဦးဟာ ဘဝကိုအရှုံးမပေးပဲ သူမရဲ့ ဘဝမှာ အကောင်းဆုံး ဘက်စုံအထူးချွန်ဆုံးဖြစ်အောင် ကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။
ယခုနောက်ဆုံး ကြိုးစားအားထုတ်မှုအဖြစ် အားလုံးက မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေကို ထိုးဖောက်ပြီး အပျော်စီး လေယာဉ်ငယ်ကို လက်နှစ်ဖက်မရှိပဲ ခြေထောက်နဲ့ အောင်မြင်စွာ ပျံသန်းမောင်းနှင်နိုင်ခဲ့ပါတယ်။


Jessica Cox ဟာ မွေးရာပါ လက်နှစ်ဖက် မရှိပေမယ့် အသက် ၁၀ နှစ်အရွယ်မှာ တိုက်ကွမ်ဒို သင်ယူခဲ့ပြီး လေးနှစ်အကြာမှာတော့ တိုက်ကွမ်ဒိုခါးပါတ်နက် ရရှိခဲ့ပါတယ်။ အသက် ၁၇ နှစ်မှာ ခြေထောက်နဲ့ ကားမောင်းနိုင်ဖို့ စတင်သင်ယူခဲ့ပြီး ယာဉ်မောင်းလိုင်စင် ရရှိခဲ့ပါတယ်။


အသက် ၂၂ နှစ်မှာ လေယာဉ်မောင်းသင်ခဲ့ပြီး နောက်သုံးနှစ်အကြာမှာတော့ လေယာဉ်မှူးလိုင်စင် ရရှိခဲ့ပါတယ်။ ဒါတင်မကသေးပဲ ခြေထောက်နဲ့ ပထမဦးဆုံး လေယာဉ်မောင်းသူအဖြစ် ဂင်းနစ်စံချိန်လဲ တင်ထားနိုင်ခဲ့သူဖြစ်ပါတယ်။


အသက် ၃၄ နှစ်အရွယ်မှာ ရေကူး၊ ရေငုတ်၊ ရေလွှာလျှောစီး၊ မြင်းစီး စတဲ့ သူမစွမ်းနိုင်သမျှ အားကစားနည်း အတော်များများကို သင်ယူလေ့လာတတ်မြောက်ခဲ့ပြီးဖြစ်ပါတယ်။


သူမရဲ့ နေစဉ်ဘဝကိုလည်း သာမန်လူများကဲ့သို့ ကျွမ်းကျွမ်းကျင်ကျင် ဖြတ်သန်းနေသူဖြစ်ပါတယ်။ ခြေဖျားနဲ့ တစ်မိနစ်မှာ စာလုံး ၂၅ လုံးရိုက်နိုင်သလို၊ ဖိနပ်ကြိုးချည်ခြင်း၊ သွားတိုက်ခြင်း၊ ဆံပင်ဖီးခြင်းတို့အပြင် မျက်ကပ်မှန်ကိုပါ ကိုယ်တိုင်ချွတ်နိုင် တပ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို မိတ်ကပ်အလှပြင်ခြင်းကတော့ သူမအတွက် အေးဆေးဖြစ်ပါတယ်။


အနုပညာဘက်မှာဆိုရင်လဲ စန္ဒယားကို ခြေထောက်နဲ့ ပိုင်ပိုင်နိုင်နိုင် တီးနိုင်ပါတယ်။ အရီဇိုးနား တက္ကသိုလ်က စိတ်ပညာနဲ့ ဘွဲ့ရခဲ့ပြီး အသက် ၃၂ နှစ်မှာ သူမရဲ့ တိုက်ကွမ်ဒိုဆရာ (ယခုသူမရဲ့ မန်နေဂျာ) ဖြစ်သူ Patrick Chamberlain နဲ့ လက်ထပ်ခဲ့ပါတယ်။ သားသမီးထွန်းကားခြင်းတော့ မရှိသေးပါဘူး။


မသန်မစွမ်းတွေအတွက် အားဖြစ်စေတဲ့ ဟောပြောပွဲပေါင်း ထောင်နဲ့ချီပြီး ဟောပြောခဲ့ရသူဖြစ်ပြီး သူမရဲ့ ဘဝအကြောင်းစာအုပ်  “Disarm Your Limits” စာအုပ်ကို ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့ရာ ၆,၀၀၀ ကျော်ရောင်းချခဲ့ရပါတယ်။ ဒါ့အပြင် သူမရဲ့ ဘဝအကြောင်း ဗီဒီယိုမှတ်တမ်း “Right Footed” အစီစဉ်ကို နိုင်ငံပေါင်း ၈၀ ကျော်မှာ ထုတ်လွှင်ပြသခဲ့ပါတယ်။ တစ်ကယ်ကို မသန်ပေမယ့် စွမ်းတဲ့ အာဂအမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
 



Follow us on