
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် သြဂုတ်(၃၀) ရက်က ဒသမတန်းကျောင်းသားတဦးသည် ရူပဗေဒဘာသာသင်ကြားသည့်ဆရာမအား စာသင်ချိန်အတန်းအတွင်း ကိုယ်ထိလက်ရောက်ထိုးကြိတ်မှုဖြစ်ပွားခဲ့သဖြင့် အခြေခံပညာဦးစီးဌာနသို့တင်ပြထားကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။
“ထူးခြားဖြစ်စဉ်အနေနဲ့ ပုသိမ်ကြီးမြို့နယ်အဆင့်မှာဆောင်ရွက်ထားပြီးတော့ တိုင်းရုံးကိုတင်ပြလာတာပါ။ ဆရာမက ရိုက်နှက်တာမဟုတ်ဘဲ သာမန်ဆုံးမမှုမျိုးပြုလုပ်ခဲ့ရာက ဆရာမရဲ့မျက်နှာကို လက်သီးနဲ့ထိုးခဲ့တယ်လို့သိရတယ်။ ဆက်လက်တင်ပြထားတာ မှတ်ချက်တော့ မလာသေးဘူး”ဟု တိုင်းဒေသကြီး ပညာရေးမှူးရုံး (စီမံ) မှ ဒု-ညွန်ကြားရေးမှူး ဦးခင်မောင်မြင့်က ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ အတန်းထဲတွင် စာသင်နေစဉ်၌ ကျောင်းသားက မထီမဲ့မြင်ပြုလုပ်သဖြင့် အတန်းပိုင်နှင့် အတန်းမှူးကို ဘာသာပြဆရာမက သွားရောက်အသိပေးခဲ့ရာ ၎င်းတို့ရောက်လာချိန်တွင် ဘာသာပြဆရာမမျက်နှာကို လက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် သြဂုတ် (၃၁) ရက်နေ့မှာပင် ကျောင်းအုပ်ကြီး၊ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် အထက်တန်းပြဆရာ/ဆရာမများ အစည်းအဝေးပြုလုပ်ခဲ့၍ ကျောင်းသားအား ကျောင်းပြောင်း လက်မှတ်ထုတ်ပေးခဲ့ပြီး စက်တင်ဘာလအတွင်း တက္ကသိုလ်ဝင်တန်း(ဒသမတန်း) စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာများ တင်ရတော့မည်ဖြစ်၍ အခြားကျောင်းများသို့ ပြောင်းရွှေ့ကာ ဆက်လက် လျှောက်ထားဖြေဆိုနိုင်အောင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းရင်းမြစ် - News Watch
comment