ရုရှားမော်ဒယ် အက်ကာတာရီနာ လီဆီနာ က ဂရင်းနစ် ကမ္ဘာစံချိန် ၆၃ ကြိမ်မြောက်အတွက် ကမ္ဘာ့အရပ်အမြင့်ဆုံး အမျိုးသမီးအဖြစ် ၂၀၁၈ ခုနှစ်အတွက် သတ်မှတ်ခြင်းခံခဲ့ရသည်။
အသက် ၂၉ နှစ်အရွယ်ရှိတဲ့ လီဆီနာဟာ အိုလံပစ် ဘတ်စကတ်ဘောကစားသမားဟောင်းတစ်ဦးလည်း ဖြစ်ပြီး ကမ္ဘာ့အရပ်အမြင့်ဆုံး စံချိန်ပြိုင်ပွဲဝင်နိုင်ရန် ကြိမ်ဖန်များစွာ ရာထားခဲ့ဖူးသူလည်းဖြစ်သည်။ သူမဟာ ရုရှားမှာတော့ အရပ်အမြင့်ဆုံး အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
လက်ရှိအရပ်အမြင့်ဆုံး မော်ဒယ်လ်က အရပ် ၆ ပေ ၈ လက်မရှိထားပြီး လီဆီနာက အရပ် ၆ ပေ ၉ လက်မနဲ့ ၂၀၁၈ ခုနှစ်အတွက် အရပ်အမြင့်ဆုံး မော်ဒယ်အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဘယ်ဖက်ခြေတံအရှည် ၅၂.၂ လက်မ၊ ညာဖက်ခြေတံ ၅၂ လက်မရှိတဲ့ လီဆီနာဟာ ခြေတံအရှည်ဆုံး အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။
“ကျွန်မအပြင်ထွက်တဲ့အခါ လူတွေက တအံ့တသြနဲ့ ငေးကြည့်တာကို အမြဲခံရတတ်ပါတယ် ဒါပေမယ့် ဘယ်သူကမှ ဓါတ်ပုံလာပြီး တွဲရိုက်ခွင့်တောင်းတာမျိုးတော့ မရှိပါဘူး၊ ဒီအတိုင်းပဲ ငေးကြည့်သွားတာပါပဲ” ဟု လီဆီနာက ဆိုပါတယ်။
“တစ်ခါတစ်လေကျတော့လည်း ရယ်စရာကောင်းပါတယ်၊ ဘယ်သူကမှ ကိုယ့်ဘေးနားထိုင်နေတဲ့ လူကို ထိုင်နေတဲ့အချိန်မှာ အဲ့လောက်ကြီး အရပ်မြင့်လိမ့်မယ် ထင်မလဲနော် ဒါပေမယ့် မတ်တပ်ထရပ်လိုက်တဲ့အခါမှာ အံ့သြသွားတဲ့ အမူအယာတွေကို သူတို့ရဲ့ မျက်နှာမှာ တွေ့လိုက်ရတယ်လေ”
အရပ်အမြင့်ဆုံး အဖြစ်သတ်မှတ်ခံရဖို့ဆိုတာ သူမဘဝရဲ့ အိမ်မက်တစ်ခုပါဟု လီဆီနာက ပြောကြားခဲ့သည်။
သူမ၏ ခြေထောက် ဖိနပ်အတိုင်းမှာ ဥရောပဆိုဒ် ၄၇၊ ယူအက်စ်ဆိုဒ် ၁၂ ဖြစ်သည်။ သူမရဲ့ ၆ နှစ်အရွယ်သားဖြစ်သူမှာလည်း သူနှင့်ရွယ်တူကလေးများကြားတွင် အရပ်အရှည်ဆုံး ကလေးတစ်ဦးဖြစ်နေပြီး မိခင်အမွေ ဆက်ခံနိုင်မည့် သားတစ်ဦးဖြစ်လာဖွယ်ရာရှိသည်။ သူမ၏ အိမ်တံခါးပေါက်များအားလုံးကို ၇ ပေ အမြင့်ဖောက်ထားသည်။