1. Home
  2. Good Morning Myanmar

မက္ကဆီကိုငလျင်ကြောင့် သေဆုံးသူ(၆၁)ဦး ရှိလာ

Good Morning Myanmar ก.ย. 12, 2560 view 1,428

မက္ကဆီကိုနိုင်ငံမှာ စက်တင်ဘာလ(၇)ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့်ငလျင်ကြောင့် သေဆုံးသူ(၆၁)ဦးရှိနေပြီး ဒဏ်ရာရသူဦးရေဟာလည်း အယောက်(၂၀၀)ကျော်နေပြီဖြစ်တယ်လို့ မက္ကဆီကိုသမ္မတက ပြောပါတယ်။ ငလျင်ပြင်းအား(၈)ဒဿမ(၁)မဂ်္ဂနီကျူ့အဆင့်ရှိတဲ့ ငလျင်ကြီးတစ်ခု မက္ကဆီကိုကမ်းခြေရဲ့တောင်ဘက်ပိုင်းကို ဒေသစံတော်ချိန် စက်တင်ဘာလ(၇)ရက်ညပိုင်းမှာ လှုပ်ခတ်ခဲ့ပြီး မက္ကဆီကိုနိုင်ငံ တောင်ပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေချိန်မှာပဲ သေဆုံးသူ အရေအတွက်ဟာ(၆၁)ဦးအထိ မြင့်တက်လာပါတယ်။

ငလျင်ကြောင့် ဒဏ်ရာရသူဦးရေ အယောက်(၂၀၀) ကျော်နေပြီဖြစ်ပြီး ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေဟာ အပျက်အစီးတွေအောက်ရောက်နေသူတွေကို ကယ်ထုတ်ဖို့ ဆက်ကြိုးစားနေတုန်းဖြစ်ပါတယ်။ငလျင်ဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ တာဘက်စ်ကို၊ အွာဟာကာနဲ့ ချီယာပတ်စ် ပြည်နယ်တွေမှာ ဒဏ်ရာရသူဦးရေ အနည်းဆုံးအယောက်(၂၀၀)လောက် ရှိတယ်လို့ မက္ကဆီကိုနိုင်ငံသမ္မတ အန်းနရစ် ပီနာနေးတိုက ပြောပါတယ်။

ငလျင်ဟာ မက္ကဆီကို တောင်ပိုင်းကမ်းခြေရဲ့(၈၇)ကီလိုမီတာအကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ။ငလျင်ကြောင့် အမေရိကန်ဒေါ်လာသန်းထောင်ချီတဲ့ အပျက်အစီးတွေဖြစ်ပေါ်နေချိန်မှာပဲ မုန်တိုင်းအဆင့်သတ်မှတ်ချက်(၁)ရှိတဲ့ ဟာရီကိန်းမုန်တိုင်းကတ်တီယာက အမေရိကန်နိုင်ငံဘက်ကို ဦးတည်နေတဲ့အတွက် မက္ကဆီကိုနိုင်ငံမှာ ငလျင်အလွန် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ထပ်တွေ့ရဖို့ရှိနေပါတယ်။



Follow us on