1. Home
  2. Myanmar News

နိုင်ငံတော် သမ္မတရုံးထံပေးပို့သော လျှို့ဝှက်ရုံးစာ ပေါက်ကြားမှု စုံစမ်းစစ်ဆေး

Myanmar News ก.ย. 12, 2560 view 1,466

ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပါကစ္စတန်နိုင်ငံသားတစ်ဦး မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည်ဆိုသော ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံတော် သမ္မတရုံးထံ ပေးပို့သော လျှို့ဝှက်ရုံးစာ လူမှုကွန်ရက်တွင် ပျံ့နှံ့ပေါက်ကြားမှုအတွက် စုံစမ်းစစ်ဆေးနေကြောင်း သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။


ဒီရုံးစာက လျှို့ဝှက်အဆင့်ဖြစ်တယ်။ ပြည်ထဲရေးကနေ နိုင်ငံတော်သမ္မတရုံးတင်တယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို မိတ္တူပေးတယ်။ အားလုံး လေးဌာနပဲရှိတယ်။ ဘယ်လိုလုပ် ဖေ့စ်ဘုတ်ပေါ်ရောက်လဲ ဒါကို စုံစမ်းဖော်ထုတ်ခိုင်းထားပါတယ်”ဟု ၎င်းက ရှင်းပြသည်။


နိုင်ငံ့ဝန်ထမ်းများ အနေနှင့် စာရွက်စာတမ်း၊ လူပုဂ္ဂိုလ်၊ ရုံးဌာနဟူသည့် လုံခြုံရေးသုံးခု အလေးထားလုပ်ရမည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ လျှို့ဝှက်ရုံးစာပေါက်ကြားမှုအတွက် လူထုအကြားတွင် စိုးရိမ်မကင်းဖြစ်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းကဆိုသည်။


ယင်းပါကစ္စတန်နိုင်ငံသားမှာ စက်တင်ဘာ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်တို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်မြို့တို့တွင် အမာခံများကို စုစည်းခိုင်းထားပြီး မြန်မာနိုင်ငံရှိ တက်ကြွသော မွတ်ဆလင် လူငယ်များနှင့်ပူးပေါင်းကာ ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်သွားရန် ရှိကြောင်း အဆိုပါရုံးစာတွင် ဖော်ပြထားသည်။
မကြာမီရက်ပိုင်းက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင် အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်ရန် အကြမ်းဖက်အဖွဲ့က ပြင်ဆင်နေသည့် သတင်းများ ရရှိထားကြောင်း တပ်မတော်နှင့် အစိုးရတို့က စက်တင်ဘာလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် တစ်နိုင်ငံလုံး လုံခြုံရေး တိုးမြှင့်ထားခဲ့သည်။


ယင်းသတင်းထုတ်ပြန်ပြီး တစ်ရက်အကြာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ အပါအဝင် အစိုးရအဖွဲ့ဝင်အချို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မလိုလားအပ်သည့် ပဋိပက္ခများ မဖြစ်ပေါ်စေရန် ပြည်သူများအနေနှင့် ကြိုတင်သိရှိပြီး ကာကွယ်နိုင်ရန် နိုင်ငံတော်၏ ထိပ်ပိုင်း ပုဂ္ဂိုလ်များက လုံခြုံရေး ညှိနှိုင်းဆောင်ရွက်နေသဖြင့် မစိုးရိမ်ကြပါရန် ပြောကြားခဲ့သည်။


အကြမ်းဖက် တိုက်ခိုက်မည့် သတင်းများကြောင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင် အနီရောင်အဆင့် လုံခြုံရေးကို ဆောင်ရွက်ထားကြောင်း၊ ဝန်ကြီးဌာန အဆောက်အုံများ၊ ရှောပင်းစင်တာကြီးများနှင့် ဘာသာရေး အဆောက်အအုံများ၊ လူစည်ကားရာ နေရာများတွင် ရပ်ကင်း၊ လှည့်ကင်း၊ ဝပ်ကင်းများအပြင် အရပ်ဝတ်ဖြင့် မြေပြင်သတင်း စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ၊ ထောက်လှမ်းရေး ဒရုန်းများဖြင့် သတင်းထောက်လှမ်းမှုများ ပြုလုပ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။


သတင်းရင်းမြစ် - TheVoice

 



Follow us on