1. Home
  2. Good Morning Myanmar

နေပြည်တော်မှာ အစားအသောက်တွေကို ရှောင်တခင်စစ်ဆေးရာမှာ အောင်မြင်မှုတွေရခဲ့တယ်လို့ FDA ပြော

Good Morning Myanmar ก.ย. 15, 2560 view 1,387

နေပြည်တော်မှာရှိတဲ့ ဈေးကြီးတွေက အစားအစာတွေကို ရွေ့လျားဓာတ်ခွဲခန်းပါယာဉ်ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးရာမှာ အောင်မြင်မှုတွေရခဲ့တယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန(FDA)က ဆိုပါတယ်။ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)အနေနဲ့ နေပြည်တော် ကောင်စီနယ်မြေထဲက ဈေးတွေမှာ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းတွေကို ယခုနှစ်မတ်လက စတင်လုပ်ဆောင်နေပြီး ဈေးကွက်အတွင်း ရောင်းချနေတဲ့ ကွမ်းသီး၊ငပိအပါအ၀င် အစားအစာ တွေကို စစ်ဆေးရာမှာ ယခင်က ခွင့်မပြုဆိုးဆေးတွေနဲ့ စားသုံးရန်မသင့်တဲ့ အစားအစာတွေ တွေ့ခဲ့ပေမဲ့ ယခုနောက်ပိုင်း စစ်ဆေးရာမှာတော့ ကောင်းမွန်တဲ့ ရလာဒ်တွေ့ရရှိခဲ့တယ်လို့ ပြောပါတယ်။

` အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)အနေနဲ့ စက်တင်ဘာလ ၁၂ ရက်ကလည်း နေပြည်တော်ကောင်စီနယ်မြေထဲက တပ်ကုန်းမြို့ရှိ မြို့ဈေးကိုရွေ့လျားဓာတ်ခွဲ ခန်းပါယာဉ်နဲ့ရှောင်တခင်ဝင်ရောက်ကာ ဈေးကွက်အတွင်းရောင်းချနေတဲ့ အစားအသောက်နဲ့ လူသုံးကုန်ပစ်္စည်းအမျိုး(၆၀)ကျော် ကောက်ယူခဲ့ကာ ၂၂ မျိုးကို ချက်ချင်းစစ်ဆေးခဲ့ပြီး ၉ မျိုးမှာ စားသုံးရန်မသင့်တဲ့အရာတွေ တွေ့ရှိခဲ့ပါတယ်။ ချက်ချင်းစစ်ဆေးမှုတွေအရ စားသုံးရန် မသင့်တဲ့ မုန့်ဖတ်၊ကွမ်းသီးနဲ့ငရုတ်သီးမှုန့်တွေ့ရှိခဲ့ပြီး ဟင်းရွက်လေးမျိုးမှာလဲ ပိုးသတ်ဆေး ဖြန်းထားတာ တွေ့ရတယ်လို့ဆိုပါတယ်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)အနေနဲ့ နေပြည်တော် မှာရှိတဲ့ အဆင့်မြင့်ဈေးတွေ၊ဈေးဝယ်စင်တာတွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးလေ့ရှိပြီး စစ်ဆေးရာမှာတွေ့ရှိတဲ့ စားသုံးရန်မသင့်တဲ့ အစားအစာတွေကို ထုတ်ပြန်ကြေငြာပေးလျက်ရှိတယ်လို့ သိရပါတယ်။



Follow us on