1. Home
  2. Good Morning Myanmar

ဆေးရွက်ကြီးထွက်ပစ္စည်းပါဝင်တဲ့ ကွမ်းယာစားသုံးမှုအန္တရာယ် ပြည်သူလူထု အကြား ပညာပေးမှုမြှင့်တင်

Good Morning Myanmar ก.ย. 18, 2560 view 1,549

မြန်မာနိုင်ငံမှာ ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံပါတဲ့ ကွမ်းယာစားသုံးမှုဟာ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေပါတယ်။ဒီလိုသုံးစွဲမှုတွေကို လျှော့ချနိုင်ဖို့ ရုပ်မြင်သံကြားနဲ့ရေဒီယိုအစီအစဉ် တွေကနေ ပညာပေးအစီအစဉ်တွေကို ပြည်သူတွေကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် လုပ်ဆောင် နေပါပြီ။ ကွမ်းယာနဲ့ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုထိန်းချုပ်နိုင်အောင် ရုပ်သံမီဒီယာ ကနေ လူထုလှုံ့ဆော်မှုတစ်ရပ်ကို စက်တင်ဘာလ ၁၁ရက်ကစပြီး ပြုလုပ်နေပါပြီ။` ဒီအစီအစဉ်က ကွမ်းယာကို ရေရှည်စားသုံးခဲ့တဲ့ ခံတွင်းကင်ဆာခံစားနေရသူတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအစစ် အမှန်တွေကိုဖော်ထုတ်ပြသတဲ့ စက်္ကန့် ၃၀ ကျော် ဗီဒီယိုပြကွက်တစ်ခုဖြစ်ပါတယ်။နောင်တမရအောင် ကွမ်းယာရှောင်ဆိုတဲ့ ပညာပေးအစီအစဉ်ကို လူကြည့်ရှုမှုနှုန်းများတဲ့ ရုပ်သံမီဒီယာနဲ့ရေဒီယိုလိုင်း တွေမှာထုတ်လွှင့်ခဲ့တာကြောင့် ကြည့်ရှုနားထောင်မိသူ ကွမ်းယာစားသုံးသူတွေက တုံ့ပြန်မှုတွေရှိခဲ့ ပါတယ်။

ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတော့ အခုလို တင်ဆက်ပေးလိုက်ရပါတယ်။ကွမ်းယာစားသုံးမှုကြောင့် ခံတွင်းကင်ဆာဖြစ်နေတဲ့ လူနာတွေရဲ့ အတွေ့အကြုံ တွေနဲ့ ပညာပေးတဲ့ရုပ်သံအစီအစဉ်ကို အမျိုးသားစီမံကိန်းတစ်ရပ်အနေနဲ့တစ်လခွဲကြာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။လက်တွေ့ခံစားရသူတွေပါဝင်တဲ့ ဒီရုပ်သံအစီအစဉ်က အိန္ဒိယ၊ အင်ဒိုးနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုလျော့ကျအောင် ရုပ်သံမီဒီယာအသုံးပြုပညာပေးတာက ကုန်ကျစရိတ် နဲ့ ပြည်သူလူထုဘက်က တုံ့ပြန်မှုအချိုးညီပြီး အကျိုးရှိတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ အမေရိကန် Vital Strategies အဖွဲ့ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ပြည်တွင်းမှာ ဆေးရွက်ကြီးထွက် ပစ္စည်းပါဝင်တဲ့ ကွမ်းယာစားသုံးမှုလျော့ကျဖို့ ရုပ်သံမီဒီယာအသုံးပြုပညာပေးတာ ပထမဆုံးဖြစ်ပါတယ်။ခံတွင်းကင်ဆာဖြစ်နိုင်တဲ့ ဆေးရွက်ကြီး ထွက်ပစ္စည်းတွေကို အသက် ၁၅နှစ်ကနေ ၃၉နှစ်အရွယ် လူငယ်၃၀ ရာခိုင်နှုန်းကျော်သုံးစွဲနေကြပြီး မြန်မာပြည်သူ ၇ သန်းကျော်ဟာ ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံပါဝင်တဲ့ ကွမ်းယာကို နေ့စဉ်သုံးစွဲနေကြကာ ဆေးရွက်ကြီးကြောင့် သေဆုံးသူဟာလည်း နှစ်စဉ် ၆ သောင်းကျော်ရှိနေ တယ်လို့ သုတေသနစစ်တမ်းတွေအရသိရပါတယ်။



Follow us on