1. Home
  2. Good Morning Myanmar

နောက်ဖေးလမ်းကြားတွေမှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာတွေ ယခင်ကထက် လျော့နည်းလာ

Good Morning Myanmar ก.ย. 19, 2560 view 1,414

နောက်ဖေးလမ်းကြားတွေမှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာတွေ ယခင်ကထက်လျော့နည်းလာပြီ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူကပြောပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ နောက်ဖေးလမ်းကြားက စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ အမှိုက်တွေကို ၂၀၁၆ခုနှစ်အတွင်းမှာ နောက်ဖေးလမ်းကြားရှင်းလင်းတဲ့ ပထမစီမံချက်နဲ့ စတင်ရှင်းလင်းပေးခဲ့တာဖြစ်ပါတယ်။ နောက်ဖေးလမ်းကြားရှင်းလင်းတဲ့ပထမအကြိမ်မှာ မြို့ထဲက(၆)မြို့နယ်ဖြစ်တဲ့ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ လမ်းမတော်နဲ့ ပုဇွန်တောင် တို့က နောက်ဖေးလမ်းကြားတွေကိုစတင်ရှင်းလင်းခဲ့တာဖြစ်ပြီး ဒီနှစ်စက်တင်ဘာလ (၁၂)ရက်က စတင်ကာ ဒုတိယအကြိမ်နောက်ဖေးလမ်းကြားစီမံချက်ကိုတော့ မင်္ဂလာတောင်ညွှန့်မြို့နယ်နဲ့ စမ်းချောင်းမြို့ နယ်အတွင်းက နောက်ဖေးလမ်းကြားအမှိုက်တွေကို ရှင်းလင်းနေတာဖြစ်ပါတယ်။

အခုလို နောက်ဖေး လမ်းကြားက စွန့်ပစ်အမှိုက်တွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လိုက်လံ ရှင်းလင်းပေးနေတဲ့အတွက် ယခင်ကထက်စာရင် နောက်ဖေးလမ်းကြားတွေမှာ အမှိုက်စွန့်ပစ်တာတွေ နည်းပါးလာတာဖြစ်တယ်လို့ပြောပါတယ်။ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်စွန့်ပစ်မှုတွေထပ်မလုပ်ဖို့ သက်ဆိုင်ရာမြို့ နယ်တွေမှ တာဝန်ရှိသူတွေက အသိပညာပေးတာတွေအပြင် တချို့မြို့နယ်တွေက နောက်ဖေးလမ်းကြားတွေမှာ CCTV တပ်ဆင်တာတွေကိုပါ လုပ်ဆောင်ထားတယ်လို့ပြောပါတယ်။လက်ရှိဆောင်ရွက်နေတဲ့ ဒုတိယအကြိမ်နောက်ဖေးလမ်းကြားအမှိုက်ရှင်းလင်းတဲ့ စီမံချက်မှာတော့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စမ်းချောင်းမြို့နယ်တို့မှ အမှိုက်တွေကို ရှင်းလင်းတာတွေ လုပ်ဆောင်နေပြီး နောက်ပိုင်းမှာတော့ ကြည့်မြင်တိုင်၊တာမွေ၊ရန်ကင်းစတဲ့ နေရာတွေကိုရှင်းလင်း သွားဖို့ရှိတယ်လို့ သိရပါတယ်။နောက်ဖေးလမ်းကြား ရှင်းလင်းတဲ့စီမံချက်ကိုတော့ ရန်ကုန်မှာ ၂၀၁၈ ဧပြီလမတိုင်ခင် အပြီးဆောင်ရွက်သွားဖို့ရှိတယ်လို့သိရပါတယ်။



Follow us on