1. Home
  2. Good Morning Myanmar

သီလ၀ါဇုန်(အေ)မှ အလုပ်အကိုင်ပေါင်း လေးသောင်းကျော်ပေးနိုင်မည်

Good Morning Myanmar ก.ย. 19, 2560 view 1,415

သီလ၀ါအထူးစီးပွားရေးဇုန် ဇုန်(အေ)မှာရှိတဲ့ စက်ရုံများ အားလုံးလုပ်ငန်းစတင်လည်ပတ်နိုင်ပါက အလုပ်အကိုင်ပေါင်းလေးသောင်းကျော်ကို ဖန်တီးပေးနိုင်မယ်လို့သိရပါတယ်။ လက်ရှိမှာတော့ စက်ရုံပေါင်း တစ်ဝက်နီးပါး စတင်လည်ပတ်နေပါပြီ။ ဒါကတော့ သန်လျင်နဲ့ကျောက်တန်းမြို့နယ်တွေပေါ်မှာရှိတဲ့ သီလ၀ါအထူးစီးပွားရေးဇုန်ကြီးရဲ့ ဇုန်(အေ) အပိုင်းပါ။ ဒီသီလ၀ါအထူးစီးပွားရေးဇုန် ဇုန်(အေ)ဟာ ၄၀၅ ဟတ်တာ၊ ဧကအနေနဲ့ ဧက(၉၆၀)ကျော် ကျယ်ဝန်းပါတယ်။ ဒီဇုန်(အေ)ကိုတော့ ၂၀၁၃ နိုဝင်ဘာမှာစတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဇုန်(အေ)ရဲ့ ရာနှုန်းပြည့်နီးပါးမှာ ကုမ္ပဏီပေါင်း(၇၉)ခုက ရင်းနှီးမြုပ်နှံခွင့်ရရှိထားပါပြီ။ အဲ့ဒီအထဲက ကုမ္ပဏီပေါင်း ၃၅ ခုကစတင်လည်ပတ်နေပြီဖြစ်ပြီး ဆောက်လုပ်ဆဲ နောက်ထပ်ကုမ္ပဏီ ၃၅ ခုကလည်း အခုနှစ်ကုန်မှာ စတင်လည်ပတ်နိုင်တော့မယ်လို့သိရပါတယ်။လက်ရှိအချိန်မှာ အလုပ်အကိုင်ပေါင်း ၅၀၀၀ကျော်ဖန်တီးပေးထားနိုင်ပြီဖြစ်ပေမယ့် စက်ရုံအားလုံး လည်ပတ်ပါက အလုပ်အကိုင်လေးသောင်းကျော်အထိရရှိနိုင်မှာလည်းဖြစ်ပါတယ်။

ဒါ့အပြင်တစ်ဖက်မှာလည်း ဇုန်(အေ)ရဲ့ဘေးမှာ နောက်ထပ် သီလ၀ါအထူးစီးပွားရေးဇုန် ဇုန်(ဘီ)ကို စတင်အကောင်အထည်ဖော်နေပါပြီ။ ဇုန်(ဘီ)ကတော့ ဟတ်တာ(၇၀၀)ရှိပါတယ်။ ဒီထဲက (၁၀၁) ဟတ်တာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်အကာင်အထည်ဖော်နေတာဖြစ်ပြီး မပြီးစီးသေးခင်မှာပဲ ၂၃ ရာခိုင်နှုန်းက လုပ်ငန်းလုပ်ကိုင်ဖို့ ကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ဆိုပြီးဖြစ်ပါတယ်။အခုမိုးကုန်ရင် ဇုန်ဘီရဲ့ နောက်ထပ် (၁၆၁) ဟတ်တာကို ထပ်ပြီးအကောင်အထည်ဖော်မယ်လို့ပြောပါတယ်။

ထူးခြားချက်က အခုဖော်ဆောင်နေတဲ့ သီလ၀ါအထူးစီးပွားရေးဇုန် ဇုန်(ဘီ)ရဲ့ ဟတ်တာ၂၆၀ ကျော်ကိုတော့ မြန်မာ-ဂျပန်ဖက်စပ် ကုမ္ပဏီ(MJTD)က အကောင်အထည်ဖော်တာဖြစ်ပြီး ကျန်တဲ့ဟတ်တာ ၄၃၀ ကျော်ကိုတော့ သီလ၀ါအများပိုင်ကုမ္ပဏီက ၂၀၂၀-၂၀၂၁ အထိ နှစ်အလိုက်ဆက်ဖော်ဆောင်မှာပါ။ သီလ၀ါအထူးစီးပွားရေးဇုန်တစ်လုံးဆိုရင် ဟတ်တာပေါင်း ၂၄၀၀ ၊ဧကအနေနဲ့ ဧကပေါင်း ၆၀၀၀ နီးပါးရှိပါတယ်။ သီလ၀ါအထူးစီးပွားရေးဇုန်ဟာ မြန်မာ-ဂျပန်အစိုးရနှစ်ခုကြား ပူးပေါင်းအကောင်အထည်ဖော်နေတဲ့စီမံကိန်းဖြစ်ပြီး အစိုးရနှစ်ခုက ၁၀ရာခိုင်နှုန်းစီ၊ မြန်မာကိုယ်စားပြု သီလ၀ါအများပိုင်ကုမ္ပဏီ(MTSH) က ၄၁ ရာခိုင်နှုန်းနဲ့ ဂျပန်ကုမ္ပဏီတွေဘက်က ၃၉ရာခိုင်နှုန်းပါဝင်ရင်းနှီးမြုပ်နှံထားပါတယ် ။လက်ရှိစက်တင်ဘာလဆန်းအထိ သီလ၀ါအထူးစီးပွားရေးဇုန်ကို အမေရီကန်ဒေါ်လာ(၁)ဘီလီယံကျော် ရင်းနှီးမြုပ်နှံမှုဝင်ရောက်ထားပါတယ်။



Follow us on