1. Home
  2. Good Morning Myanmar

ဆန်လက်ကျန်နည်းလာလို့ ဆန်ဈေးအနည်းငယ်တက်

Good Morning Myanmar ก.ย. 20, 2560 view 1,442

ဒီရက်ပိုင်းမှာတော့ ဆန်ထွက်ရှိတဲ့နယ်တွေမှာလည်း လက်ကျန်ဆန်တွေနည်းလာလို့ ရန်ကုန်မြို့က ဆန်ဈေးကွက်မှာဈေးအနည်းငယ်တက်လာတယ်လို့ ၀ါးတန်းလမ်းဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌပြောပါတယ်။ စက်တင်ဘာလဆန်းပိုင်းကဆန်ကြမ်းဈေးဟာ တစ်အိတ်ငွေကျပ်(၂၂၀၀၀)သာ ရှိခဲ့ပေမဲ့ စက်တင်ဘာ(၁၈)ရက်နေ့မှာတော့ တစ်အိပ်ကိုငွေကျပ် (၂၄၀၀၀)ဈေးပေါက်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပကိုတင်ပို့နေတဲ့ ဧည့်မထ ၂၅မတ်ဆန်ဟာလည်း တစ်အိပ်ကို ငွေကျပ် (၂၀၀၀၀)လောက်ဈေးပေါက်နေတာကြောင့် ပြီးခဲ့တဲ့လဆန်းပိုင်းနဲ့နှိုင်းယှဉ်ရင် ငွေကျပ် (၁၀၀၀)၀န်းကျင်ဈေးတက်လာတာပါတယ်။ ဒါဟာ ဒီနှစ်အတွင်းမှာ နိုင်ငံခြားကို ဆန်တင်ပို့မှုတွေ အဆင်ပြေနေတာကြောင့်နဲ့ ကောလဟာလတစ်ချို့ကြောင့် ဆန်ဈေးရုတ်တရက် မြင့်တက်တာလို့ ပြောပါတယ်။

လက်ရှိ ဆန်ချောဈေးမှာလည်း ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ငွေကျပ်ငါးသောင်း နီးပါးနှင့်မြောင်းမြပေါ်ဆန်းကတော့ တစ်အိတ်ကို ငွေကျပ် ၄ သောင်း ၀န်းကျင်ဈေးပေါက်နေတယ်လို့ ပြောပါတယ်။ဆန်ချောဈေးကတော့ အတက်အကျသိပ်မရှိပေမဲ့ ဆန်ချောအမျိုးအစားတွေဟာ ကောက်ကြီးစပါးက ထွက်တာဖြစ်ပြီး အသစ်ထွက်ဖို့ လအနည်းငယ်ကြာဦးမှာကြောင့် ဈေးတွေကျဖို့ တော့ မရှိသေးဘူးလို့ ၀ါးတန်းလမ်းကုန်စည်ဒိုင်ဥက္ကဋ္ဌဦးခင်မောင်ဝင်းက ပြောပါတယ်။

ဆန်ကြမ်း အမျိုးအစားတွေဟာ လက်ရှိမှာ စတင်ထွက်ရှိနေပြီး လကုန်ပိုင်းလောက်မှာ ပိုမိုထွက်ရှိလာတော့မှာ ဖြစ်လို့ စားသုံးသူတွေအတွက် လက်ကျန်ဆန် ပြတ်လတ်ဖို့မရှိဘူးလို့ ပြောပါတယ်။ ရန်ကုန်မြို့က ၀ါးတန်းလမ်းနဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွေကို နေ့စဉ်ဆန်အိတ်ရေ ၅၀၀၀၀ လောက်ပုံမှန်ဝင်ရောက်နေတယ်လို့သိရပါတယ်။အခုဘဏ္ဍာနှစ် သြဂုတ်လအထိ ပြည်ပကို ဆန်တင်ပို့မှုမှာ တန်ချိန် ၁.၃ သန်းအထိတင်ပို့နိုင်ခဲ့ပြီလို့ စီးပွားရေးနှင့်ကူးသန်းရောင်းရေး ၀န်ကြီးဌာန၀က်ဆိုဒ်မှာ ဖော်ပြထားပါတယ်။



Follow us on