နယ်စပ်တွေကနေ ပြည်တွင်းကိုတရားမ၀င်တင်သွင်းလာတဲ့ ငါးတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ စက်တင်ဘာလ အတွင်းကော်မတီတစ်ခုဖွဲ့စည်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှသိရပါတယ်။ မြ၀တီ၊ရေး၊မြိတ်၊ကော့သောင်းစတဲ့ နယ်စပ်တွေကနေပြည်တွင်းကို တရားမ၀င် တင်သွင်းလာတဲ့ငါးတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ ကော်မတီဖွဲ့စည်းသွားဖို့ရှိတယ်လို့သိရပါတယ်။
နယ်စပ်ကနေ ပြည်တွင်းကဈေးကွက်တွေထဲ ပျံ့နှံ့နေတဲ့ တရားမ၀င်ငါးတွေကို တိုင်းဒေသကြီး ပြည်နယ်ပေါင်းစုံက ငါးလုပ်ငန်းဦးစီးဌာနတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးဖို့ ညှိနှိုင်း ဆောင်ရွက်နေဆဲဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ပဲခူးနဲ့လှည်းကူးမြို့နယ် တစ်ဝိုက်မှာ အရေးယူဆောင်ရွက်တာတွေ ပြုလုပ်နေပါတယ်။ ပြည်တွင်းကမွေးမြူရေးငါးတွေဖြစ်တဲ့ ငါးတန်၊ငါးမြစ်ချင်းနဲ့ငါးယောင်အမျိုးအစားတွေဟာ နယ်စပ်ကနေဈေးထက်ဝက်လျှော့ပြီး ၀င်ရောက်နေတာကြောင့် ပြည်တွင်းကငါးမွေးတောင်သူတွေအတွက် ဈေးကွက်အခက်အခဲရှိတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာတော့ တရားမ၀င်သယ်ဆောင်လာတဲ့ငါးတွေကို ဖမ်းဆီးရရှိပေမဲ့ ဒေသထွက်ကုန်ဖြစ်ကြောင်းမျှောစာတွေပါလာတာကြောင့် လွှတ်ပေးခဲ့ရပြီး အဲ့ဒီလိုကိစ္စတွေကိုတရားမ၀င်ငါးဖမ်းဆီးရေး ကော်မတီက စစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါတယ်။