ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေတွေကိုဖြေရှင်းနိုင်ဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီလို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကြေညာလိုက်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေတွေကိုတုံ့ပြန်ဖြေရှင်းရာမှာရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးဦးဆောင်တဲ့ ကော်မတီတစ်ရပ်ကိုဖွဲ့စည်းလိုက်ပြီလို့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားတဲ့ သူ့ရဲ့မိန့်ခွန်းအတွင်း အခုလိုကြေညာလိုက်တာပါ။
(ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေတွေကို ဖြေရှင်းဖို့၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်လုပ်ဆောင်ဖို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဆိုတာကို ၀မ်းမြောက်စွာနဲ့ ကျွန်တော်တို့ကြေညာလိုပါတယ်။ ရခိုင်ပြည်နယ်မှာ တွေ့ကြုံနေရတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့က ပြည်ထောင်စုအစိုးရရဲ့ ဦးစားပေး တာဝန်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ပြောလိုပါတယ်။)ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စရပ်တွေကိုဖြေရှင်းဖို့ ဘက်စုံလွှမ်းခြုံတဲ့အမျိုးသားအဆင့် မဟာဗျူဟာမြောက်အစီအစဉ်တစ်ရပ်ကို ချမှတ်ထားပြီးဖြစ်တယ်လို့လည်း ဒုတိယသမ္မတက ပြောပါတယ်။
ပြည်ထောင်စုအစိုးရဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ် နေသူတွေအားလုံး အကူအညီတွေတန်းတူညီမျှရရှိရေး လုပ်ဆောင်ပေးသွားမယ်လို့လည်း ဒုတိယ သမ္မတကပြောပါတယ်။ (ကျွန်တော်တို့အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ကို ပထမဦးစားပေးကိစ္စအနေနဲ့ သတ်မှတ်ထားတယ်ဆိုတာ ထပ်ထောင်းပြောလိုပါတယ်။ အကူအညီလိုအပ် နေတဲ့သူတိုင်းကို ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ အပြည့်အ၀ကူညီ သွားမယ်ဆိုတာ ကိုလည်း ကတိက၀တ်ပြုလိုပါတယ်။)ပြည်ထောင်စုအစိုးရအနေနဲ့ ရခိုင်ဒေသရဲ့အခြေအနေအပေါ် အာရုံစိုက်ဖြေရှင်းနေ တယ်ဆိုတာကိုလည်း ဒုတိယသမ္မတက ထပ်လောင်းပြောဆိုသွားပါတယ်။