1. Home
  2. Football

ရလဒ်ကောင်းရရှိဖို့ ပိုမိုခက်ခဲလာနိုင်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း

Football ต.ค. 02, 2560 view 1,501

ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးဝါးမှုတွေနဲ့ ရုန်းကန်နေရတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လက်ရှိအချိန် မှာလည်း တိုက်စစ်မှူးဘန်တီကီရဲ့ ဒဏ်ရာပြဿနာကြောင့် နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းရယူနိုင်ဖို့ ပိုမိုခက်ခဲလာဖွယ်ရှိနေပါတယ်။ခရစ္စတယ်ပဲလေ့စ်အသင်းဟာ စနေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်(၆)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီး အသင်းနဲ့ပွဲစဉ်မှာလည်း (၅)ဂိုး၊ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ရပါတယ်။ ခရစ္စတယ်ပဲလေ့စ်အ သင်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ရမှတ်တစ်မှတ်မျှရရှိထားခဲ့ခြင်းမရှိပဲ (၆)ပွဲဆက်ရှုံးပွဲ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ယခုနှစ်ဘောလုံးရာသီမှာပဲ နည်းပြအပြောင်းအလဲ ပြုလုပ်ထားခဲ့တာဖြစ်ပြီး ရလဒ်တွေဆက်တိုက်ဆိုးဝါးမှုတွေကြောင့် ထုတ်ပယ်ခဲ့တဲ့ ဖရန့်ဒီဘိုးဝါးနေရာမှာ ၀ါရင့် နည်းပြတစ်ဦးဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဟောင်းရွိုင်းဟော့ဆန်ကို ပြောင်းလဲ ခန့်ထားခဲ့ ပါတယ်။ ခရစ္စတယ်ပဲလေ့စ် အသင်းဟာ လက်ရှိပရီးမီးယားလိဂ်ပွဲစဉ် (၆)ပြီးဆုံးတဲ့အချိန်အထိ ပြိုင်ပွဲမှာသွင်းဂိုးတစ်ဂိုးမှ မရရှိသေးတဲ့ တစ်သင်းတည်းသောအသင်းဖြစ်ပြီး အသင်းရဲ့ အဓိကတိုက်စစ်မှူး ဘန်တီကီဟာလည်း မန်စီးတီးအသင်းနဲ့ ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် လာမယ့်ပွဲတွေမှာ သွင်းဂိုးတေအတွက် ပိုမိုရုန်းကန်ရတော့မှာဖြစ်ပါတယ်။

ဘန်တီကီဟာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် တစ်လခွဲခန့် အနားယူရမှာဖြစ်ပြီး အရန်တိုက်စစ်မှူးဖြစ်တဲ့ ၀ှစ်ဟန်းဟာလည်း ဒူးဒဏ်ရာကြံ့ခိုင်မှု မပြည့်ဝနိုင် သေးတာကြောင့် လာမယ့်ပွဲစဉ်တွေမှာ နည်းပြရွိုင်းဟော့ဆန်အနေနဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမား ရွေးချယ်ရာမှာ ပိုမိုအခက်တွေ့စေမှာဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ် ပွဲစဉ်(၇)မှာ အမှတ်ပေးဇယား အဆင့်(၂)နေရာက မန်ယူအသင်းနဲ့တွေ့ဆုံနေခဲ့တာကြောင့် ဆက်လက်ရုန်းကန်ရဖို့ရှိပြီး နိုင်ပွဲတွေပြန်လည်ရှာတွေ့နိုင်ဖို့အတွက် ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားရဦးမှ ဖြစ်ပါတယ်။



Follow us on