1. Home
  2. Special or Others

ရေညှိအသုံးပြုပြီး ပြန်သုံးနိုင်တဲ့ညှပ်ဖိနပ်ပြုလုပ်ဖို့ သုတေသီတွေနဲ့ကျောင်းသွားတွေ ကြိုးပမ်း(ရုပ်သံ ဗီဒီယို)

Special or Others ต.ค. 09, 2560 view 1,548

ဆန်ဒီယေဂိုပြည်နယ် ကယ်လီဖိုးနီးယားတက္ကသိုလ် (UCSD) က သုတေသီတွေနဲ့ ကျောင်းသားတွေ ပါတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ရေနံဂျယ်လီကိုအဓိကထားပြီး နှစ်စဉ် ၃ ဘီလျံခန့်ထုတ်လုပ်နေရတဲ့၊ စွန့်ပစ်မြေတွေမှာ အဆုံးသတ် နေရတဲ့ ညှပ်ဖိနပ်အရေအတွက်ကို လျှော့ချဖို့ ကြိုးစားနေကြပါတယ်။ သူတို့ရဲ့ဖြေရှင်းနည်းကတော့ ရေညှိကိုအခြေခံပြီး ပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့ ကမ္ဘာ့ပထမဆုံး ညှပ်ဖိနပ်ပါပဲ။ UCSD က ဇီဝဗေဒပါမောက္ခ စတီဖင်မေးဖီးလ်က ညှပ်ဖိနပ်ဟာ အသေးစားထုတ်ကုန်ဖြစ်ပေမယ့်လည်း ကမ္ဘာမှာ နံပါတ်တစ် ခြေနင်းဖိနပ်ဖြစ်နေတယ်လို့ ပြောပါတယ်။ အိန္ဒိယ၊ တရုတ်နဲ့ အာဖရိကမှာ ညှပ်ဖိနပ်တွေဟာ နာမည်ကျော်ခြေနင်းတစ်မျိုးပဲဖြစ်ပါတယ်။

ဒါ့အပြင် သမုဒ္ဒရာထဲမှာ ပေါ်လီယူရသိန်းလို့သိတဲ့ ပလတ်စတစ်တွေပြည့်နေရတဲ့အဓိကအကြောင်းအရင်းက ညှပ်ဖိနပ်ကြောင့်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်ခန့်က မေဖီးလ်နဲ့ ဓာတုနဲ့ဇီဝဓာတုဆိုင်ရာပါမောက္ခ စကစ်ပိုမာရွိုင်တို့ဟာ သူတို့ ကျောင်းသားတွေနဲ့ အတူ ရေညှိကိုအခြေခံပြီး ရေလွှာလျှောစီးဘုတ်ပြားတွေထုတ်လုပ်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ မကြာမီမှာပဲ သူတို့နှစ်ဦးဟာ သည်နည်းပညာကို အခြားရေနံဂျယ်လီကိုအဓိကထားထုတ်တဲ့ ထုတ်ကုန်တွေမှာ အစားထိုး အသုံးပြုနိုင်တာကို သဘောပေါက်သွားကြပါတယ်။ ရေနံဂျယ်လီဟာ ရေညှိလိုမျိုးရှေးကျတဲ့အပင်တွေမှာ တွေ့ရလေ့ရှိပေမယ့် ဓာတုအစွမ်းသတ္တိမျိုးကိုတော့ ရှင်သန်နေတဲ့ ရေညှိတွေမှာသာ ပါရှိပါတယ်။

သည်ရှင်သန်နေတဲ့ရေညှိတွေကို ရေနံဂျယ်လီအဖြစ်ပြောင်းလဲပြီးနောက် ပေါ်လီယူရသိန်း အဖြစ်ပြောင်းလဲကာ သုတေသီတွေဟာ မြေကြီးတွင်းက ကာဘွန်ကိုမထုတ်ယူဘဲ လေထုတွင်းက ကာဘွန်ကို ဆွဲယူကြ ပါတယ်။ သည်နည်းလမ်းနဲ့ သူတို့ရဲ့ ရေညှိအခြေခံ ပေါ်လီယူရသိန်းပစ္စည်းတွေဟာ ပိုပြီးကြာရှည်ခံအောင် ထားနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သုတေသီတွေဟာ သည်ပေါ်လီယူရသိန်းထဲက ကာဘွန်အဖွဲ့အစည်းတွေကိုလည်း ပိုပြီး ဆွေးမြည့်ပျက်စီး နိုင်အောင် ဆောင်ရွက်နေကြပါတယ်။ ဒါမှသာ ပိုးမွှားငယ်လေးတွေက သူတို့ကို အလွယ်တကူချေဖျက်နိုင်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့သုတေသနကို ဈေးကွက်တွင်းပို့ဆောင်ဖို့ကြိုးပမ်းတဲ့အနေနဲ့ သုတေသီတွေဟာ Algenesis Materials ဆိုတဲ့ ကုမ္ပဏီအသစ်ကိုတည်ထောင်ပြီး ထရီတွန်ညှပ်ဖိနပ်ကို ပထမဆုံးထုတ်လုပ်ခဲ့ကြပါတယ်။

သည်ညှပ်ဖိနပ်ရဲ့ ဓာတုပိုင်းဆိုင်ရာ အစိတ်အပိုင်းကို ပိုပြီးပြည့်စုံအောင်ဆက်လက်လုပ်ဆောင်သွားဖို့နဲ့ ပတ်ဝန်းကျင်ကို အထောက်အကူပြုတဲ့ ဖိနပ် ခြေနင်းပြားတွေ၊ ကားထိုင်ခုံတွေနဲ့ အခြားပစ္စည်းတွေမှာ အသုံးပြုဖို့ မျှော်လင့်ထားကြပါတယ်။ ရေညှိကိုအခြေခံထားတဲ့ ရေလွှာလျှောစီးဘုတ်ပြားတွေကတော့ သည်ရေလွှာလျှောစီးလုပ်ငန်းတွေမှာ နာမည်ကျော် နေပြီးသားဖြစ်တာကြောင့် သည်နောက်ဆုံးကြိုးပမ်းအားထုတ်မှုဟာလည်း ဖိနပ်လုပ်ငန်းမှာ အလားတူအကျိုးသက်ရောက်မှု မျိုးရှိမယ်လို့ သုတေသီတွေက မျှော်လင့်ထားကြပါတယ်။

Credit … kumudranews



Follow us on