1. Home
  2. Myanmar News

ဖေ့စ်ဘွခ်ဆယ်လီအချို့ ကြော်ငြာနေသည့် အသင့်စား ဟော့ပေါ့ကို စိစစ်မည်

Myanmar News ต.ค. 11, 2560 view 1,665

မြန်မာနိုင်ငံ၌ Facebook တွင် နာမည်ကျော်ကြားသူအချို့ ကြော်ငြာနေသည့် အသင့်စား ဟော့ပေါ့ကို စိစစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (အစားအသောက်) ဒေါက်တာ ထွန်းဇော်က ပြောကြားသည်။

 


စင်ကာပူနိုင်ငံတွင် The Agri-Food and Veterinary Authority (AVA) ၏ ခွင့်ပြုချက်မရဘဲ ရောင်းချနေသည့် အသားပါဝင်သည့် အသင့်စား ဟော့ပေါ့ ထုတ်ကုန်များကို ရောင်းချခွင့်ပိတ်လိုက်ပြီးနောက် ယင်းသို့ စီစဉ်ခြင်းဖြစ်သည်။


အဆိုပါနိုင်ငံတွင် ပိတ်ပင်လိုက်သည့် ဟော့ပေါ့နှင့် ပုံစံတူပြီး မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် လမှစတင်၍ ရောင်းချနေသည့် အသင့်စား Uncle Hot Pot ကို စိစစ်မည်ဟု ၎င်းက ပြောဆိုသည်။
Uncle Hot Pot သည် စင်ကာပူတွင် ရောင်းချခွင့်ပိတ်လိုက်သည့် အသင့်စားဟော့ပေါ့နှင့် ချက်ပြုတ်ရသည့် ပုံစံဆင်တူပြီး အသင့်စားဟော့ပေါ့ဘူး၏ အောက်ခြေတွင် မပေါက်ထုံးကို ရေဖြင့်ဆူအောင်လုပ်၍ ဟော့ပေါ့ပြုတ်ရသည့်ပုံစံဖြစ်သည်။


စင်ကာပူ AVA က အသင့်စားဟော့ပေါ့ကို တားမြစ်ခြင်းမှာ စင်္ကာပူနိုင်ငံ၏ဥပဒေအရ လိုအပ်သည်များကို အပြည့်အစုံ တင်ပြခြင်း မရှိ၍ အရေးယူခြင်းသာဖြစ်ပြီး အန္တရာယ်ရှိ စားသောက်ကုန်ဖြစ်၍ ပိတ်ခြင်း မဟုတ်ကြောင်း ဒေါက်တာထွန်းဇော်က ပြောကြားသည်။
သို့သော် Uncle Hot Pot ရဲ့ products တွေကိုတော့ စိစစ်ကြည့်လိုက်ပါမယ်” ဟု ဒေါက်တာထွန်းဇော်က ဆိုသည်။


ရန်ကုန်အခြေစိုက် Uncle Hot Pot ဖြန့်ချိရေးကို The Voice က ဆက်သွယ်မေးမြန်းရာ ယင်းစားသောက်ကုန်မှာ တရုတ်နိုင်ငံမှ တင်သွင်းရောင်းချခြင်းဖြစ်ပြီး လတ်တလောတွင် ပစ္စည်းပြတ်နေကြောင်း Uncle Hot Pot၏ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။


Uncle Hot Pot က အမည်မဖော်လိုသည့် အခြားပုဂ္ဂိုလ်တစ်ဦးကမူ “မြန်မာ FDA Approved ရဖို့တင်ထားတယ်။ အစားအသောက်နဲ့သက်ဆိုင်တဲ့ အဆင့်ဆင့်ကိုတင်ထားတယ်။ ကျန်းမာရေးနဲ့ မညီရင် မရောင်းပါဘူး။ လောလောဆယ် တိကျတဲ့ အဖြေမပေးနိုင်သေးလို့ ဖြေပေးလို့ မရသေးဘူး” ဟု The Voice ၏ မေးမြန်းမှုကို ဖြေကြားသည်။


မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လမှ စတင်၍ ရောင်းချနေသည့် Uncle Hot Pot ကို လတ်တလောတွင် အရသာ နှစ်မျိုးဖြင့် ရရှိနိုင်ပြီး ဈေးနှုန်းမှာ ကျပ် ၇၀၀၀ နှင့် ကျပ် ၇၅၀၀ တို့ဖြင့်ရောင်းချနေသည်။ ယင်းထုတ်ကုန်ကို အနုပညာရှင်များနှင့် နာမည်ကျော်ကြားသူအချို့ ၎င်းတို့၏ Facebook စာမျက်နှာမှတစ်ဆင့် ယင်းအစားအစာကို ကြော်ငြာပေးလျက်ရှိသည်။


စင်ကာပူနိုင်ငံတွင် ခွင့်ပြုချက်မရဘဲ ရောင်းချနေသည့် အသားပါဝင်သော အသင့်စားဟော့ပေါ့ဘူးများကို တင်သွင်းရောင်းချသူများကို အရေးယူထားကြောင်း ယင်းနိုင်ငံအခြေစိုက် သတင်းဌာနအချို့က အောက်တိုဘာလ ၉ ရက်နေ့က ဖော်ပြခဲ့ကြသည်။


သတင်း - TheVoice
 



Follow us on