1. Home
  2. Good Morning Myanmar

အရေးပေါ်ကယ်ဆယ်ရေးသင်တန်းကို နယ်ဘက်မှပရဟိတအသင်းများ လာရောက် သင်ယူသူပိုများ

Good Morning Myanmar ต.ค. 13, 2560 view 1,456
လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ကျန်နေသေးတဲ့ နယ်ဘက်ကပရဟိတအသင်းတွေက နိုင်ငံတကာအဆင့်မီ အရေးပေါ်ကယ်ဆယ်ရေးနည်းစနစ်ကို လာရောက်သင်ယူနေပါတယ်။ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်က သာကေတမြို့နယ်၊(၇)ရပ်ကွက်၊ မြင်တော်သာ လမ်းပေါ်ရှိ ဇိနမာရ်အောင်ဘုရားဝင်းအတွင်းမှာ နိုင်ငံတကာအဆင့်မီအရေးပေါ်ကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၂၀)ကို အောက်တိုဘာလ(၁၁)ရက်ကနေ(၁၆)ရက်အထိသင်ကြားပေးနေတာ ဖြစ်ပါတယ်။
ပရဟိတအသင်းအများစုက အရပ်သားတွေနဲ့ဖွဲ့စည်းထားပြီး အရေးပေါ်လူနာတွေ ကို ကိုင်တွယ်တဲ့နည်းစနစ်နဲ့ဆေးရုံကို ပို့ဆောင်တဲ့လမ်းတစ်လျှောက်မှာ ပြုစုနည်းတွေကိုသေချာ မသင်ခဲ့ရတာကြောင့် လူနာတွေပို့ဆောင်တဲ့အခါ ဆေးရုံမရောက်မီအသက်ဆုံးရှုံးနိုင်ခြေ မြင့်တယ်လို့ သိရပါတယ်။ဒါကြောင့် နိုင်ငံတကာအဆင့်မီ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းကို နယ်လှည့် သင်ကြားပေးနေတာဖြစ်ပြီး ယခုသင်တန်းကို ရခိုင်ပြည်နယ်၊မွန်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စတဲ့ဒေသတွေကပရဟိတအသင်းသား(၂၀၀)ကျော် တက်ရောက်နေပါ တယ်။
 
နယ်ဘက်က တက်ရောက်တဲ့သင်တန်းသားတွေကို သင်တန်းကာလ ခြောက်ရက် အတွင်း နေထိုင်စားသောက်စရိတ်တာဝန်ယူသင်ကြားပေးနေတာဖြစ်တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်က ပရဟိတအသင်းကတော့ ဒီလိုနိုင်ငံတကာအရေးပေါ်ကယ်ဆယ်ရေး နည်းစနစ်တွေ မသင်ယူဖူးတာကြောင့် ဒီသင်တန်းကို လာရောက်သင်ကြားတာဖြစ်တယ်လို့ပြောပါတယ်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်အနေနဲ့ နိုင်ငံတကာအဆင့်မီအရေးပေါ် ကယ်ဆယ်ရေးသင်တန်းကို ၂၀၁၀ နောက်ပိုင်းတည်းက အခမဲ့သင်ကြားပေးနေတာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ သင်တန်းသားဦးရေ ၃၀၀၀ ကျော်ကို သင်ကြားပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ သင်တန်းမှာ ဘာသာရပ် ၂၄ မျိုးပါဝင်ပြီး မြေပြင်မတော်တဆမှု၊မီးဘေး၊ရေဘေး၊လေဘေးနဲ့ ငလျင်တွေဖြစ်လာတဲ့အခါ အရေးပေါ်ကယ်ဆယ်ရတဲ့နည်းပညာတွေသင်ကြားပေးနေတာ ဖြစ်ပါ တယ်။


Follow us on