1. Home
  2. Good Morning Myanmar

စက်မှုဇုန်တွေက ထွက်ရှိတဲ့စွန့်ပစ်အမှိုက်တွေ စည်းကမ်းမဲ့စွန့်ပစ်ပါက ဒဏ်ငွေ ပေးဆောင်ရမယ့်စနစ်ကျင့်သုံးနေ

Good Morning Myanmar ต.ค. 16, 2560 view 1,549
ရန်ကုန်မြို့တွင်းမှာရှိတဲ့ စက်မှုဇုန်တွေမှထွက်ရှိတဲ့ စွန့်ပစ်အမှိုက်တွေကို စွန့်ပစ်တဲ့အခါ စည်းကမ်းလိုက်နာမှုမရှိလျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှာ ဒဏ်ငွေပေးဆောင်ရမယ့်စနစ်ကို ကျင့်သုံးနေတယ်လို့ အောက်တိုဘာလ(၁၁)ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရွှေလင်ပန်းစက်မှုဇုန်ရဲ့(၃)လတစ်ကြိမ် အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
စက်မှုဇုန်တွေမှ ထွက်ရှိတဲ့စွန့်ပစ်အမှိုက်တွေကို စည်းကမ်းတကျစွန့်ပစ်မှုရှိမရှိကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ စက်မှုဇုန်တွေကို ကွင်းဆင်းလေ့လာစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ဒီလိုကွင်းဆင်း လေ့လာ စစ်ဆေးပြီး ရေဆိုးစွန့်ပစ်မှုနဲ့ပတ်သက်တဲ့စွန့်ပစ်မှုတွေ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့မညီညွတ်တဲ့ အမှိုက်စွန့်ပစ်မှုတွေကိုတွေ့ရှိပါက ဒဏ်ငွေငါးသောင်းမှ ၂ သိန်းထိပေးဆောင်ရမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စက်မှုဇုန်များတာဝန်ခံအရာရှိ ဦးမောင်မောင်လွင်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင်စက်မှုဇုန်တွေမှာရှိတဲ့ လုပ်ငန်းတွေအနေနဲ့ နှစ်လဲလိုင်စင်သက်တမ်းတိုး လုပ်ချင်ရင်သို့မဟုတ်လိုင်စင်အသစ်လျှောက်ထားမယ်ဆိုလျှင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ထောက်ခံချက်ယူရယူပြီးမှ လျှောက်ထားလို့ရမယ်လို့လည်း ပြောပါတယ်။
ယခုလက်ရှိအချိန်မှာတော့ လိုင်စင်နှစ်လဲရာသီကုန်သွားပြီးဖြစ်တဲ့အတွက် နှစ်လဲလိုင်စင်သက်တမ်းတိုးလုပ်ချင်ရင် သို့မဟုတ် လိုင်စင်အသစ်လျှောက်ထားဖို့အတွက်ကို လာမယ့် မတ်လလောက်မှ ပြန်ပြီးလျှောက်ထားလို့ရမှာဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်တိုင်း အတွင်းမှာ လက်ရှိ စက်မှုဇုန် ၂၄ ဇုန်ရှိပြီး စက်ရုံ ၃၀၀၀ ကျော်ရှိတယ်လို့သိရပါတယ်။


Follow us on