1. Home
  2. Good Morning Myanmar

မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားတိုက်ခိုက်ရေးသမား ၄၅ ဦးကို အခုနှစ်အတွင်း ဖမ်းမိထား

Good Morning Myanmar ต.ค. 17, 2560 view 1,388
အခုနှစ်အစောပိုင်းကနေ လက်ရှိအချိန်အထိ နိုင်ငံခြားသားတိုက်ခိုက်ရေးသမား ၄၅ ဦးကို မလေးရှားနိုင်ငံအတွင်းမှာ ဖမ်းဆီးမိထားတယ်လို့ မလေးရှားရဲချုပ် မိုဟာမက် ဖူဇီဟာရန် ကပြော ပါတယ်။ဖမ်းဆီးမိခဲ့တဲ့နိုင်ငံခြားသားတိုက်ခိုက်ရေးသမားအများစုဟာ အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွယ်နေသူတွေ ဖြစ်ပြီး အီရတ်နိုင်ငံထဲက အိုင်အက်စ်အဖွဲ့မှာ အမိန့်ပေးနိုင်တဲ့အဆင့်ရှိသူ အီရတ်နိုင်ငံသား ၃ ဦးလည်း ပါဝင်တယ်လို့သိရပါတယ်။ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံသားတွေ၊ ဖိလစ်ပိုင်နိုင်ငံသားတွေနဲ့ယီမင်နိုင်ငံသားတွေလည်းပါဝင်ပါတယ်။
ဖမ်းဆီးမိထားသူတွေထဲက ကိုးဦးဟာ အဘူဆေယက်စစ်သွေးကြွအဖွဲ့ကဖြစ်ပြီး တူရကီအကြမ်းဖက်အဖွဲ့ဖြစ်တဲ့ ဖာတူလာအဖွဲ့ဝင် ၃ ဦးနဲ့အိုင်အက်စ်အဖွဲ့နဲ့ဆက်နွယ်မှုရှိတဲ့ အယ်ဘေးနီးယားအကြမ်းဖက်အဖွဲ့က တစ်ဦးပါဝင်တယ်လို့ မလေးရှားရဲတပ်ဖွဲ့ထုတ်ပြန်ချက်အတွင်းမှာ ပါရှိပါတယ်။အိုင်အက်စ်အဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာ နှိမ်နင်းခံနေရချိန်မှာပဲ အီရတ်နဲ့ဆီးရီးယားနိုင်ငံတို့မှာ အရင်တုန်းက တိုက်ခိုက်ရေးလုပ်ဖူးတဲ့နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေကို ကမာ်္ဘတစ်ဝှမ်းက နိုင်ငံတွေထဲကိုစိမ့်ဝင်ဖို့ အမိန့်ပေးထားတယ်ဆိုတဲ့သတင်းကိုလည်းရရှိထားတယ်လို့ မလေးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနကပြောပါတယ်။
အိုင်အက်စ်နဲ့အဘူဆေယက်အပါအ၀င် အခြားအကြမ်းဖက်အဖွဲ့တွေဟာ တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ မလေးရှားနိုင်ငံထဲကို စစ်သွေးကြွတွေပို့နေတယ်လို့လည်း မလေးရှားရဲချုပ်ကပြောပါတယ်။ နိုင်ငံခြားသားအကြမ်းဖက်သမားတွေဟာ မလေးရှားနိုင်ငံကို ခိုအောင်းဖို့၊လှူဒါန်းတာတွေကိုလက်ခံဖို့၊ နောက်တစ်နိုင်ငံမှာအကြမ်းဖက်တိုက်ခိုက်မှုလုပ်ဖို့ ခရီးတစ်ထောက်နားနေရာအဖြစ် အသုံးချနေ တယ်လို့လည်း ရဲချုပ်ကပြောပါတယ်။


Follow us on