1. Home
  2. Myanmar News

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် အကြီးကျယ်မီးလောင်ကျွမ်း

Myanmar News ต.ค. 19, 2560 view 1,551

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၃ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ရန်ကုန်မြို့ ကန်တော်ကြီးစောင်းရှိ ကန်တော်ကြီးပဲလေ့ဟိုတယ် မီးလောင်မှုအကြီးအကျယ်ဖြစ်ပွားကြောင်း သိရှိရသည်။


မီးစတင်လောင်ကျွမ်းစဉ် Level 2 အဆင့် မီးသတ်ယာဉ်များဖြင့် ငြိမ်းသတ်ခဲ့သော်လည်း ဂစ်အိုးအပါအဝင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှု ပိုများလာခြင်းကြောင့် နံနက် ၃ နာရီ ၅၀ မိနစ်အချိန်မှာ Level 3, Level 4 မီးသတ်ယာဉ်အုပ်စုများ ဆက်လက်ထွက်ခွာ၍ ပူးပေါင်းငြိမ်းသတ်ခဲ့ကြရသည်။


နံနက် ၆ နာရီ ၂၃ မိနစ်အချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်ကျွမ်းမှုကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် လာရောက်တည်းခိုသူဦးရေ (၉၀) ကျော် တည်းခိုနေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။


ထိခိုက်ဒဏ်ရာရသူနှစ်ဦးအနက် တစ်ဦးမှာ ဟိုတယ် သုံးလွှာမှ ခုန်ချခဲ့ပြီး ကျန်တရုပ်နိုင်ငံသူအမျိုးသမီးတစ်ဦးမှာ ပြေးလွှားရင်း ချောလဲကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သည် ရန်ကုန်မြို့၏ သက်တမ်းအရင့်ဆုံးဟိုတယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဟိုတယ်အတွင်းအပြင်ပိုင်းတွင် ရှေးဟောင်းဗိသုကာလက်ရာများ ထည့်သွင်းတည်ဆောက်ထားသော နိုင်ငံတစ်ကာအဆင့်မီ ဟိုတယ်တစ်လုံးဖြစ်ပြီး ယနေ့နံနက်ပိုင်းက မီးလောင်ကျွမ်းမှုကြောင့် ပျက်ဆီးဆုံးရှုံးမှု ကြီးမားခဲ့ကြောင်းသိရှိရပြီး သက်ဆိုင်ရာမှ တာဝန်ရှိဟိုတယ်မန်ဂျာအား ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။

 

Photos: YangonPolice
 



Follow us on