1. Home
  2. Myanmar News

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှု ဘယ်ကစခဲ့လဲ..

Myanmar News ต.ค. 20, 2560 view 1,772

အောက်တိုဘာလ ၁၉ ရက် နံနံက် ၃ နာရီခွဲအချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုအဆင့် Level 4 သတ်မှတ်ကာ မီးသတ်ယာဉ် ၆၆ စီး၊ ကွပ်ကဲမှုယာဉ် ၁၀ စီး၊ လှေခါးတင်းယာဉ် ၇ စီး၊ မိတ်ဖက်ယာဉ် ၃ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။


ဟိုတယ်တစ်ခုလုံးကို ရေပူပေးနေသည့် စနစ်ထားရှိရာ ငါးလွှာအခန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပြီး အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှ သိရှိရသည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် ဂျပန်နိုင်ငံသား Mr.Tomita ဆိုသူနှင့် အမည်မသိသေးသူ အခြားတစ်ဦး သေဆုံးခဲ့ပြီး သုံးလွှာမှခုန်ချခဲ့သော နိုင်ငံခြားသားတစ်ဦးနှင့် ပြေးရင်းလွှားရင်း ချော်လဲခဲ့သော မကာအိုနိုင်ငံသူတစ်ဦးအပါအဝင် ဒဏ်ရာရသူနှစ်ဦးရှိခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိတစ်ဦးလည်း ဦးခေါင်းထိခိုက်မိသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကုသလျှက်ရှိကြောင်း သိရှိရသည်။


မီးလောင်မှုကို ဖြတ်သန်းသွားလာသော တက္ကစီသမားများ၏ မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားမှုကြောင့် မီးသတ်ကားများ ထွက်ခွာလာခဲ့ရခြင်းဖြစ်ပြီး ဟိုတယ် မီးစတင်လောင်ကျွမ်းစဉ် လာရောက်တည်းခိုနေသော ဧည့်သည်များ၏ လုံခြုံရေးကို ဦးစားပေးဆောင်ရွက်နေခဲ့သဖြင့် မီးသတ်သို့ အကြောင်းကြားနိုင်ခြင်း မရှိခဲ့ကြောင်း ထူးကုမ္ပဏီဥက္ကဋ္ဌရုံးမှ အမှုဆောင်ဒါရိုက်တာ ဦးဌေးလွင်က ရှင်းလင်းပြောဆိုခဲ့သည်။

လက်ရှိတွင် ဧည့်သည်များကို ချက်ထရီယန်ဟိုတယ်၌ ပြောင်းရွေ့နေရာချထားပြီး၊ ဧည့်သည်များ ဆန္ဒရှိရာဟိုတယ်များတွင်လည်း ပြောင်းရွေ့နေရာချထားပေးရန်၊ သေဆုံးခဲ့သော ဂျပန်နိုင်ငံသား အတွက် ဂျပန်နိုင်ငံထိ လိုက်သွားပြီး မိသားစုများ ကျေနပ်သည်အထိ ဆောင်ရွက်ပေးရန် ထူးကုမ္ပဏီဥက္ကဋ္ဌမှ မှာကြားထားကြောင်းလည်း သိရှိရသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို မြန်မာ့အာမခံလုပ်ငန်း၌ ကျပ်သန်း ၈၀၀၊ အောင်သစ္စာဦး အာမခံကုမ္ပဏီတွင် ကျပ်သန်း ၅၀၀ စုစုပေါင်း ကျပ်သန်း ၁၃၀၀ မီးအားမခံထားရှိ ထားပြီး မီးလောင်ဆုံးရှုံးမှုအတွက် စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ပေးလျော်ရမည့် လျော်ကြေးငွေပမာဏကို မသိရှိရသေးကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရှိရသည်။
မီးလောင်မှုနဲ့ပက်သက်၍ မီးသတ်၊ ရဲတပ်ဖွဲ့နှင့် ထွေ/အုပ် တို့ပါဝင်သော ဘုတ်အဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌါနမှ သတင်းရရှိသည်။

ကိုးကား - ဒီမိုကရေစီတူဒေး၊ 7DayDaily

Photos: FB public photos


 



Follow us on