အသက် ၂၃ နှစ်အရွယ် နှုတ်ခမ်းနီမလေးတွေ အသဲစွဲဖြစ်ခဲ့တဲ့ အမေရိကန်ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာဟာ တစ်ကိုယ်လုံးအနှံ့တက်တူးတွေ ထိုးထားတဲ့ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီးနောက် ပုံကိုကြည့်ပြီး သူ့ရဲ့ ပရိသတ်တွေ စိတ်လေသွားခဲ့ပါတယ်။
သူ့ရဲ့တက်တူးအသစ်တွေကို နယူးရော့ခ်အခြေစိုက် တက်တူးပညာရှင် Bang Bang က အချိန်သုံးရက်ယူပြီး ၂၆ နာရီကြာ သူ့ရဲ့ရင်ဘတ်တစ်ခုလုံးကို ရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။
Bang Bang က ဂျက်တင်ဘီဘာဟာ သူ့ကိုယုံကြည်မှုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တက်တူးထိုးလာတဲ့ ၁၃ နှစ်တာ သက်တမ်းအတွင်း သုံးရက်ဆက်တိုက် တက်တူးထိုးပေးတာ ဒီတစ်ခါ ပထမဦးဆုံးပါပဲလို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
အခုဆိုရင် ဂျက်စတင်ဘီဘာရဲ့ ခန္ဓာကိုယ်ပေါ်မှာ တက်တူးအရုပ်ပေါင်း ၆၀ ကျော် နေရာယူထားပြီးဖြစ်ပါတယ်။ တက်တူးတွေနဲ့ ပုံတင်ပြီးနောက်မှာ ဂျက်စတင်ရဲ့ ပရိတ်သတ်အချို့က ဝေဖန်ခဲ့ကြပါတယ်။
“သူ့အတွက်ဘာအဓိပ္ပါယ်ရှိလဲတော့ ငါမသိဘူး၊ ကြည့်ရတာ ရွံစရာကောင်းလိုက်တာ” ဟု ပရိသတ်တစ်ဦးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးကမူ “ငါလဲမကြိုက်ဘူး၊ ဒါပေမယ့် သူ့ခန္ဓာကိုယ်ဆိုတော့ သူ့စိတ်ကြိုက်ပေါ့၊ ဆုံးဖြတ်ရဲတာကိုတော့ လေးစားပါတယ်” ဟု ဝေဖန်ခဲ့ကြသည်။