1. Home
  2. Good Morning Myanmar

စပိန်ဗဟိုအစိုးရ၏အစီအစဉ်ကို လက်မခံနိုင်ကြောင်း ကတ်တလိုးနီးယား ဒေသခေါင်းဆောင်ပြော

Good Morning Myanmar ต.ค. 24, 2560 view 1,424
ကတ်တလိုးနီးယားဒေသကို စပိန်နိုင်ငံထဲကနေခွဲထွက်ပြီး လွတ်လပ်ရေးရယူမယ့် ကြိုးပမ်းမှု တွေကြောင့် ဒေသကိုပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အာဏာကို စပိန်ဗဟို အစိုးရဘက်က ပြန်လည်ရုတ်သိမ်းပြီး တိုက်ရိုက်စီမံမယ်ဆိုတဲ့ အစီအစဉ်ကိုလက်မခံဘူးလို့ ကတ်တလန်ဒေသ ခေါင်းဆောင်က ပြောလိုက်ပါတယ်။
စပိန်ဗဟိုအစိုးရက ကတ်တလိုးနီးယားဒေသကို ပေးထားတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်လည်ရုတ်သိမ်းပြီး တိုက်ရိုက်အုပ်ချုပ်မယ့်အစီအစဉ်ကို ကတ်တလိုးနီးယားဒေသက လက်ခံမှာ မဟုတ်ဘူးလို့ ဒေသန်္တရအစိုးရအဖွဲ့ခေါင်းဆောင် ကားလို့စ်ပူဒီမောင့်ကပြောလိုက်ပါတယ်။
စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းကျင့်သုံးမယ့်အစီအစဉ်တွေထဲမှာ ကတ်တလန်ဒေသခေါင်းဆောင် တွေကိုဖယ်ရှားတာနဲ့ဒေသန္တရပါလီမန်ကို ထိန်းချုပ်မှာတွေ ပါဝင်ပါတယ်။စပိန်ဖွဲ့စည်းပုံ ဆိုင်ရာခုံရုံးက ကန့်ကွက်တာတွေရှိနေပေမဲ့ ဆက်ပြီးကျင်းပခဲ့တဲ့ လွတ်လပ်ရေးရယူဖို့ ပြည်သူ့ဆန္ဒခံယူပွဲ စပိန်နိုင်ငံမှာ ကျင်းပခဲ့ပြီးတဲ့နောက် အခု အစီအစဉ် ထွက်ပေါ်လာတာပါ။ဝန်ကြီးချုပ် ရာဂျွိုင်းရဲ့အစီအစဉ်တွေကို တုန့်ပြန်ဖို့ လွှတ်တော်တွင်း အခြေအတင်ဆွေးနွေးနိုင်ရေး အစီအစဉ်တစ်ရပ် ကျင်းပသွားမယ်လို့ ကတ်တလန်ခေါင်းဆောင်ကပြောပါတယ်။နိုင်ငံ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အကျပ်အတည်း တစ်ခုကြုံရတဲ့အခါ ဗဟိုအစိုးရကို တိုက်ရိုက်အုပ်ချုပ်ခွင့်ပေးထားတဲ့ ဖွဲ့စည်းပုံပါ ပုဒ်မ ၁၅၅ ကို ကျင့်သုံးသွားမယ်လို့ ၀န်ကြီးချုပ်ရာဂျွိုင်းက ပြောထားတာပါ။
ဒေသန္တရလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေးလုပ်သွားမယ် လို့လည်း ၀န်ကြီးချုပ်က စီစဉ်နေပါတယ်။အခုတော့ အဲဒီအစီအမံတွေကို လာမယ့်ရက်တွေအတွင်း စပိန်ဆီးနိတ်လွှတ်တော်မှာ အတည်ပြုဖို့ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ လွတ်လပ်ရေးရယူဖို့ လိုလားသူ လေးသိန်းခွဲနီးပါးဟာ ဒေသမြို့တော် ဘာစီလိုနာမှာ ပိုမိုလွတ်လပ်မှုရရှိရေး တောင်းဆို ဆန်္ဒပြခဲ့ကြပါတယ်။စပိန်ဗဟိုအစိုးရက အုပ်ချုပ်မယ့်အစီအစဉ်နဲ့ ခွဲထွက်ရေး တက်ကြွလှုပ်ရှားသူ နှစ်ဦး အဖမ်းခံရတာကိုလည်း လူလေးသိန်းခွဲနီးပါးက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။


Follow us on