
တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့ကို ဆက်သွယ်ပေးသည့် ငမိုးရိပ်ချောင်းကူးတံတားအသစ်ဖြစ်သည့် ငမိုးရိပ်တံတား (သစ္စာလမ်း) ကို မကြာမီရက်ပိုင်းအတွင်း ပြည်သူများနှင့် ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ငမိုးရိပ်တံတား (သစ္စာလမ်း) မှာ တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၃၃ ရပ်ကွက်တို့ကို တိုက်ရိုက်ဥဒဟို ဖြတ်သန်းသွားလာနိုင်စေရန် ငမိုးရိပ်ချောင်းကိုဖြတ်၍ တည်ဆောက်ထားခြင်းဖြစ်ပြီး တံတားအမျိုးအစားမှာ ဘိုးပိုင်ဖောင်ဒေးရှင်း၊ သံကူကွန်ကရစ်၊ စတီးလ်ဘောက်ကာတာဖြစ်ပြီး ယာဉ်များနှစ်လမ်းသွား အသုံးပြုနိုင်အောင် တည်ဆောက်ထားခြင်းဖြစ်သည်။
ပင်မတံတားအရှည် ပေ ၉၀ဝ (မီတာ၂၈၀ )၊ ချဉ်းကပ်လမ်းအရှည် ၆၅ မီတာ၊ ကားလမ်းအကျယ် ရှစ်မီတာ၊ စင်္ကြံလမ်းအကျယ် တစ်ဖက် ၁ ဒသမ ၇ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ခုနစ်မီတာ၊ အကျယ် မီတာ ၆၀၊ ခံနိုင်ဝန် တန် ၆၀ ရှိသည်။

အဆိုပါ တံတားကြီးကို တာဝန်ယူဆောက်လုပ်ခဲ့သော မြတ်နိုးသူကုမ္ပဏီမှ စက်တင်ဘာလ ၅ ရက်နေ့က သက်ဆိုင်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ အပ်နှံခဲ့သည်။ လက်ရှိတွင် ခရီးသွားပြည်သူများကို စတင်ဖြတ်သန်းသွားလာခွင့် ပြုထားပြီး မကြာမီရက်ပိုင်းအတွင်း မောတော်ယဉ်များကို ဖြတ်သန်းသွားလာခွင့် ပြုတော့မည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြပါရှိသည်။
comment