1. Home
  2. Myanmar News

KBZ ဘဏ်သို့ငွေလာအပ်နှံသူထံမှ ငွေစက္ကူအတု သိန်း ၂၀ကျော် သိမ်းဆည်းရမိ

Myanmar News ต.ค. 27, 2560 view 1,653

အောက်တိုဘာလ ၂၅ ရက်နေ့က မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက်ရှိ KBZ ဘဏ်ခွဲတွင် လာရောက်ငွေအပ်နှံသူထံမှ တစ်သောင်းတန်၊ ငါးထောင်တန်များအပါအဝင် ငွေစက္ကူအတု သိန်း ၂၀ ကျော်စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။

အဆိုပါနေ့ နံနက် ၁၁ နာရီ ၂၀ အချိန်ခန့်တွင် စိုးမိုးနိုင် (၂၈ နှစ်)၊ ကန်တော်လေး တောင်ရပ်ကွက် မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်ပြီး ဂျပန်စက်ဘီးမျိုးစုံနှင့် လျှပ်စစ်မော်တာဘီး ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူက KBZ ဘဏ်သို့ ငွေ ၃၅ သိန်းလာရောက် အပ်နှံခဲ့သည်။

လာရောက်အပ်နှံသည့်ငွေကျပ် ၃၅ သိန်းအနက်မှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၉၈)ရွက်၊ ၅,၀၀၀ ကျပ်တန်ငွေ စက္ကူအတု (၁၈၂)ရွက်၊ ၁,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၁၂၉)ရွက် တို့အားတွေ့ရှိသဖြင့် မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ သွားရောက်သိမ်းဆည်းခဲ့ပြီး စိုးမိုးနိုင်အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။


မှုခင်းရဲတပ်ဖွဲ့မှ ပဏာမစိစစ်ခဲ့ရာ နိုင်ငံခြားစက္ကူအမျိုးအစားဖြစ်ပြီး စက္ကူသား ချောနေခြင်း၊ အတုသည်အစစ်ထက် အလျားနှင့် အနံ(၁)မီလီမီတာစီတိုခြင်း၊ အက္ခရာ/ ဂဏာန်းများ အရောင်မှေးမှိန်ခြင်း၊ ရုပ်ပုံ/တန်ဖိုးရေစာ ပုံရိပ်သဏ္ဍာန်သာပါရှိခြင်း၊ လုံခြုံရေး ကြိုးခရမ်း/ငွေမှင်ရောင်သာပါရှိပြီး အရောင်ပြောင်းလဲမှုမရှိခြင်း၊ ကာလာပရင်တာနည်းဖြင့် တုပထားပြီး လျှို့ဝှက်ချက်များ မပါရှိကြောင်းနှင့် ငွေစက္ကူအတုများ ဝင်ရောက်ရာ လမ်းကြောင်း အား စိစစ်ဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌါနမှ သတင်းထုတ်ပြန်ခဲ့သည်။




 



Follow us on