1. Home
  2. Myanmar News

ဘုံကထိန်လာလှူသူထံမှ ငွေစက္ကူအတု ၁၆ သိန်းစစ်ဆေးတွေ့ရှိ

Myanmar News ต.ค. 30, 2560 view 1,435

အောက်တိုဘာလ ၂၈ ရက်နေ့ ည ၇ နာရီ မိနစ် ၅၀ အချိန်ခန့်တွင်  မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်ရှိ ဘုံကထိန်အလှူခံတစ်ခု၌ ငွေစက္ကူအတုများဖြင့် လှူဒါန်းသုံးစွဲနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ငွေစက္ကူတု (၁၆) သိန်းတွေ့ရှိခဲ့သည်။


မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်တွင် နေထိုင်သူ ဦးအောင်ကျော် (၅၉ နှစ်) ကားလက်မှတ်ရောင်းချသူ၏ ဘေးလွယ်အိတ်အတွင်းမှ ငွေစက္ကူအတု (၁၀,၀၀၀)ကျပ်တန် (၁၃၉)ရွက်နှင့် (၅,၀၀၀) ကျပ်တန် (၆၀)ရွက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

မှုခင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အဆိုပါ (၅,၀၀၀)ကျပ်တန် ငွေစက္ကူအတုများသည် နိုင်ငံခြားစက္ကူအမျိုးအစားဖြစ်ပြီး အစစ်ထက် (၁)လီမီတာတိုခြင်း၊ နံပါတ်စဉ် အက္ခရာများသည် အရောင်မှေးမှိန်နေခြင်း၊ ရုပ်ပုံ/တန်ဖိုးရေစာများမှာ ပုံရိပ်သာပါရှိခြင်း၊ လုံခြုံရေးကြိုးမှာ ခရမ်းရောင်သာ ပါရှိပြီး အရောင်းပြောင်းလဲမှု မရှိခြင်း၊ လျှို့ဝှက်ချက်များမပါရှိဘဲ ကာလာပရင်နည်းဖြင့် တုပထားခြင်းဖြစ်ကြောင်း သိရှိရသည်။


ငွေစက္ကူအတု ကိုင်ဆောင်သုံးစွဲသူ ဦးအောင်ကျော် အား ဝေဘာဂီနယ်မြေရဲစခန်း(ပ)၁၁၇၇/၂၀၁၇၊ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။
 



Follow us on