1. Home
  2. Good Morning Myanmar

ရန်ကုန်မှာ ဈေးနှင့်လမ်းသာယာရေးအဖွဲ့တွေဖွဲ့စည်းကာ ငွေကြေးကောက်ခံမှု တွေကို စိစစ်ကြပ်မတ်ဖို့ လွှတ်တော်တွင်မေးမြန်း

Good Morning Myanmar ต.ค. 31, 2560 view 1,446
ရန်ကုန်မှာ ဈေးသာယာရေးနဲ့လမ်းသာယာရေးစတဲ့အဖွဲ့တွေဖွဲ့စည်းကာ ငွေကြေးကောက်ခံ တာတွေကို စိစစ်ကြပ်မတ်ဖို့ ရှိ၊မရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အောက်တိုဘာ (၂၆)ရက်က မေးမြန်းလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တည်ဆဲဥပဒေအရ တရားဝင်မှတ်ပုံတင်ခြင်းမရှိဘဲ ဈေးသာယာရေးအဖွဲ့၊လမ်းသာယာရေးအဖွဲ့စတဲ့ အဖွဲ့တွေဖွဲ့စည်းကာ လစဉ်ကြေးတွေ၊အလှူငွေတွေ၊ ရန်ပုံငွေတွေကောက်ခံပြီး သက်ဆိုင်ရာပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ စာရင်းရှင်းတမ်းတွေ ရှင်းလင်းတင်ပြခြင်းမရှိဘဲ ငွေတွေသုံးစွဲနေတာတွေအပေါ် တည်ဆဲဥပဒေအရစနစ်တကျမှတ်ပုံတင်ပြီး အလွဲသုံးစားမှုမပေါ်ပေါက်စေရေး ကြီးကြပ်ဆောင်ရွက်ဖို့ အစီစဉ်ရှိ၊မရှိကို မရမ်းကုန်းမြို့နယ်အမတ် ဦးရန်ရှင်းက မေးမြန်းလိုက်တာပါ။
အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပေဒေအရ မိမိဆန်္ဒအလျောက်မှတ်ပုံတင်လိုက တင်နိုင်ပြီး မတင်လိုရင်လဲ မတင်ဘဲဆောင်ရွက်နိုင်ခွင့်ရှိတယ်လို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြန်လည်ဖြေကြားလိုက်ပါတယ်။တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့ အသင်းအဖွဲ့တွေအနေနဲ့ ပွင့်လင်းမြင်သာမှုမရှိဘဲ ငွေကြေးသုံးစွဲနေပါက ဒီအသင်းအဖွဲ့ကို ငွေကြေးမထည့်ဖို့၊မပါဝင်ဖို့သာဖြစ်ပြီး လမ်းသာယာရေးတွေကို စနစ်တကျဆောင်ရွက်ဖို့ ရပ်ကွက်/ ကျေးရွာအုပ်ချူပ်ရေးမှူး၊ရာအိမ်မှူးတွေက ကြီးကြပ်ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့လဲ ၀န်ကြီးက ပြောပါတယ်။
ဈေးနဲ့ပတ်သတ်လို့ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေမှာ ဈေးတွေ အတွင်း ကော်မတီရဲ့ခွင့်ပြုချက်နဲ့ဖွဲ့စည်းထားတဲ့ ဈေးသူဈေးသားတွေပါဝင်တဲ့ ဈေးသာယာရေး အဖွဲ့တွေဟာ ခွင့်ပြုချက်မရှိဘဲအဖွဲ့ကိုပြင်ဆင်တာ၊တိုးချဲ့ဖွဲ့စည်းတာ အလှူငွေ ကောက်ခံ တာတွေနဲ့ဈေးလုပ်ငန်းတွေကို ဆောင်ရွက်ခြင်းမပြုလုပ်ရလို့လဲ ပြဋ္ဌာန်းပါရှိတယ်လို့သိရပါတယ်။မြို့တော်စည်ပင် လက်အောက်မှာ အခွန်လွတ်ဈေး(၁၀)ခုအပါအ၀င် ဈေးပေါင်း(၁၈၀)ရှိပြီး ဈေးသာယာရေးအဖွဲ့ရှိတဲ့ ဈေးက(၄၆)ဈေး၊ဈေးရုံမှူးရှိတဲ့ဈေးက(၇၅)ဈေးနဲ့ဈေးရုံမှူးနဲ့ ဈေးသာယာ ရေးအဖွဲ့တွေမဖွဲ့ထားနိုင်သေးတဲ့ ဈေးက(၅၉)ဈေးရှိပြီး ဈေးများဌာနကကြပ်မတ်ဆောင်ရွက်နေ တယ်လို့သိရပါတယ်။
 
https://www.facebook.com/GoodMorningMyanmarLive/videos/2120245771334875/


Follow us on