1. Home
  2. Myanmar News

ငွေအလွဲသုံးစားလုပ်ကာ မီးရှို့ဖျောက်ဖျက်ရန် ကြံစည်သူ ကြေးမုံသတင်းစာတိုက် ငွေကိုင်အမျိုးသမီးအား ဖမ်းဆီးအရေးယူ

Myanmar News พ.ย. 01, 2560 view 1,530

ပုစွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် (၅၂)လမ်းထောင့်ရှိ ကြေးမုံသတင်းစာတိုက်၏ မန်နေဂျာရုံးခန်းတွင် မီးလန့်မှုဖြစ်ပွားခဲ့သဖြင့် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရာ ဌါနပိုင်ငွေများကို အလွဲသုံးစားပြုလုပ်ရန် ရည်ရွယ်ကာ မီးရှို့ခဲ့ကြောင်း ပေါ်ပေါက်သဖြင့် ငွေကိုင်အမျိုးသမီးတစ်ဦးအား ဖမ်းဆီးအရေးယူခဲ့သည်။


ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်က ပုဇွန်တောင်မြို့နယ်ရှိ ကြေးမုံသတင်းစာတိုက် မန်နေဂျာရုံးခန်းတွင် မီးခံသေတ္တာမှာပွင့်လျက် အတွင်းရှိ ပီနံအိတ်ဖြင့်ထည့်ထားသည့် နေ့စဉ်ဝင်ငွေများ မီးလောင်ကျွမ်းနေသည်ကိုတွေ့ရသဖြင့် မီးအားဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး ပုဇွန်တောင်မြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။


အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ပုဇွန်တောင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မီးခံသေတ္တာသော့မှာ ငွေကိုင်တာဝန်ခံ ဒေါ်ဖြူဖြူဝင်း (၅၉)နှစ်၊ တစ်ဦးတည်းသာ ကိုင်ဆောင်ထားကြောင်း ၊ မီးခံသေတ္တာအတွင်းတွင် ငွေ(၈၅၈၅၇၅၃၀)ကျပ် သိမ်းဆည်းထားကြောင်း၊ မီးလောင်ကျွမ်းထားသည့် ပီနံအိတ်အားစစ်ဆေးရာ သတင်းစာစက္ကူအဟောင်းများ၊ ငွေစက္ကူပုံသဏ္ဍန် ပြုလုပ်၍ သားရေကွင်းစီးထားသော သတင်းစာစက္ကူဖြတ်စများ၊ တစ်ဝက်တစ်ပြတ် မီးလောင်ကျွမ်းနေသည့် (၅၀၀)ကျပ်တန် ငွေစက္ကူအဟောင်း (၁၀)အုပ်ခန့်၊ အခန်းအတွင်း ဓာတ်ဆီလောင်း၍ မီးရှို့ရာတွင် အသုံးပြုသော ဓာတ်ဆီများထည့်ထားသည့်
ပလတ်စတစ်ဘူးအား တွေ့ရှိရသည့်အပြင် ငွေကိုင်တာဝန်ခံ ဒေါ်ဖြူဖြူဝင်း၏အခန်းအတွင်းမှ (၅၀၀)ကျပ်တန် ငွေစက္ကူ(၆)အုပ်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရရှိခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖြစ်စဉ်အပေါ် အမှုမှန်ဖော်ထုတ်ရရှိရေး အတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ မီးလန့်မှုမှာ ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခြင်းမဟုတ်ဘဲ ငွေကိုင်တာဝန်ခံမှ ၎င်းထံအပ်နှံထားသည့် ငွေများကို အလွဲသုံးစားပြုရန် ရည်ရွယ်၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိသည်။


အဆိုပါအမှုကို ပုဇွန်တောင်မြို့မရဲစခန်း(ပ) ၂၆၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉/၄၃၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရနကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 



Follow us on