1. Home
  2. Myanmar News

ရန်ကုန်မြို့က ဓာတ်တိုင်တွေမှာ ဝိုင်ဖိုင်စက်တွေတပ်ဆင်တာကနေ ငှားရမ်းခ ၁ လကို ကျပ်သိန်း ၇၀၀ ရရှိ

Myanmar News พ.ย. 08, 2560 view 1,499

ရန်ကုန်မြို့က ဓာတ်တိုင်တွေမှာ ဝိုင်ဖိုင်စက်တွေတပ်ဆင်တာကနေ ငှားရမ်းခ ၁ လကို ကျပ်သိန်း ၇၀၀ ရတယ်လို့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

မနေ့က လွှတ်တော်မှာ ကိုယ်စားလှယ်တယောက်ရဲ့ မေးခွန်းကို ပြန်ဖြေရာမှာ ပြောခဲ့တာပါ။

ရန်ကုန်က မြို့နယ်တွေမှာ ဝိုင်ဖိုင်ဝန်ဆောင်မှုပေးတဲ့ ပစ္စည်းတွေကို ဘယ်အဖွဲ့အစည်းက တာဝန်ယူ စစ်ဆေးတယ်၊ ထုတ်လွှင့်တဲ့ လှိုင်းအားတွေကြောင့် ကလေးနဲ့ ကိုယ်ဝန်ဆောင်တွေ ကျန်မားရေး ထိခိုက်မှု ရှိ၊ မရှိနဲ့ အခွန်အခ ဘယ်လောက်ရတယ်ဆိုတာကို မေးခဲ့တာပါ။

ဝိုင်ဖိုင်အင်တာနက်အတွက် သုံးတဲ့ ပစ္စည်းတွေကြောင့်  ကျန်းမာရေးထိခိုက်မှု ရှိ၊ မရှိ ဆိုတာကတော့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဖြေရမယ့် မေးခွန်းဖြစ်တယ်လို့  ဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

ဒီလုပ်ငန်းတွေလုပ်ကိုင်ဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက လုပ်ငန်း လုပ်ကိုင်ခွင့် ပြုထားတဲ့  ကုမ္ပဏီတွေထဲက ၅ ခုနဲ့ အရင်အစိုးရလက်ထက်မှာ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီစာချုပ်အရ ဓာတ်တိုင်တတိုင်မှာ အချင်းအရွယ်အစား ၂၅ မီလီမီတာ ထက်မကြီးတဲ့ ဖိုင်ဘာကြိုး ၃ ချောင်းအထိ သွယ်ခွင့်ပြုထားပြီး ၁ ကီလိုမီတာအတွက် ၁ လကို ကျပ် ၃ သောင်းနှုန်း၊ ဓာတ်တိုင်တွေမှာ ဝိုင်ဖိုင်လွှင့်တဲ့စက်တွေ တပ်ဆင်ခအတွက် တတိုင်ကို ကျပ် ၁၅၀၀၀ နှုန်းရတယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒီငှားရမ်းခတွေကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ရရှိပြီး စုစုပေါင်း ၁ လကို ကျပ်သိန်း ၇၀၀ ကျော်လောက်ရတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

Credit : burmese.dvb.no

 



Follow us on