Apple ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းအသစ်ဖြစ်တဲ့ iPhone X နိုဝင်ဘာ (၃)ရက်နေ့က ထွက်လာပြီးနောက် နိုင်ငံတစ်ကာက Apple စတိုးဆိုင်တွေရှေ့မှာ ကြိတ်ကြိတ်တိုး စည်ကားခဲ့ပါတယ်။
အချို့ဆိုင်တွေမှာဆိုရင် လူတွေဟာ ညအိပ်ပြီး တန်းစီစောင့်ဝယ်တဲ့အထိကို အားပေးကြပါတယ်။ ဒီလိုတန်းစီနေတဲ့ကြားက ပစ္စည်းပြတ်သွားတာမျိုးရှိတဲ့အတွက် သူ့ထက်ငါအရင် အလုအယက်လိုချင်ကြတာလဲဖြစ်ပါတယ်။
ဒီလို အနေအထားတွေကို သိတဲ့ နောက်ပြောင်လိုသူတစ်ဦးက နယူးယောက်ခ် မြေအောက်ဘူတာရုံကို ဆင်းတဲ့ ဓါတ်လှေကားကို အသုံးချပြီး Apple Store အပြင်အဆင်အတိုင်း လူတွေကို အကြောင်ရိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။
မှန်တွေကာထားတဲ့ ဓါတ်လှေကား နဖူးစည်းမှာ Apple လိုဂိုပန်းသီးကြီးတပ်ကပ်ထားပါတယ်။ လူတွေယုံကြည်အောင် အဝင်ဝမှာ Apple စတိုးဆိုင်ဝန်ထမ်းအတုတွေကိုလည်း ယူနီဖောင်းပေးဝတ်ပြီး နေရာချထားပါသေးတယ်။ ဓါတ်လှေကားထဲက ထွက်လာတဲ့ လူတွေကို အကြောင်ရိုက်ပြီး နှုတ်ဆက်လိုက်ပါသေးတယ်။
ဒါတွေကို လူတွေက မသိပဲ Apple စတိုးလို့ ထင်ပြီး လာရောက်တန်းစီသူတွေ အများကြီးရှိလာတာကို ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရတာ တစ်ကယ့်ကို ရယ်ရွှင်စရာ ဖြစ်ခဲ့ပါတယ်။ နောက်လဲ နောက်တတ်တဲ့လူတွေလို့သာ ဆိုချင်ပါတော့တယ်။