တောင်တရုတ်ပင်လယ်ပြင်နဲ့ဆက်စပ်တဲ့ ထိုင်းပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကလွဲပြီး ကျန်ဒေသတွေမှာ နိုဝင်ဘာလ(၇)ရက်ကနေ(၁၃)ရက်အထိ နေရာကျဲကျဲမှ နေရာစိတ်စိတ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်မယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
ဒီမုန်တိုင်းငယ်ဟာ အားသိပ်မကောင်းပေမယ့် တနင်္သာရီတိုင်းဒေသကြီး တောင်ပိုင်းအစွန် ကော့သောင်းမြို့ဝန်းကျင်ကို ဖြတ်ပြီး ကပ္ပလီပင်လယ်ပြင်ထဲဝင်ကာ နောက်ဆက်လက်အားကောင်းပြီး အနောက်မြောက်ကို မုန်တိုင်းငယ်အဖြစ်ဆက်ရွေ့ရှားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို မုန်တိုင်းမ၀င်သည့်တိုင်အောင် မြန်မာနိုင်ငံအနီးကနေဖြတ်သွားမှာဖြစ်တာကြောင့် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်တာလို့ သိရပါတယ်။
မိုးရေချိန်(၁)လက်မကနေ(၂)လက်မအထိ ရွာသွန်းနိုင်မယ်လို့ သိရပါတယ်။ မုန်တိုင်းဟာ အနောက်မြောက်ဖက်ကို တစ်နာရီကို ခြောက်မိုင်နှုန်းနဲ့ ရွေ့လျားနေပြီး အများဆုံး လေတိုက်နှုန်း ဟာ တစ်နာရီကိုမိုင်(၃၀)အထိရှိနေတယ်လို့ သိရပါတယ်။ မုန်တိုင်းကြောင့် တနင်္သာရီကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်ပေ(၆)ပေမှ(၈)ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။