ကန်တော်ကြီး၊ နတ်မောက်လမ်းရှိ ငါးဥယျာဉ်နေရာဟောင်းမှာ ဆောက်လုပ်နေဆဲဖြစ်တဲ့ ငါးပြတိုက်ကို ၂၀၁၈ ခုနှစ် ဧပြီလ အစောပိုင်းမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး အလှမွေးငါးလုပ်ငန်း၊ ငါးမွေးမြူရေးနဲ့ပတ်သက်တဲ့ သက်မွေးအတတ်ပညာသင်တန်းကျောင်းကိုပူးတွဲ ဖွင့်လှစ်ရန် ကြိုးစားနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက နိုဝင်ဘာလ ၅ ရက်က ပြုလုပ်တဲ့ အသုံးချ ငါးပုစွန်မွေးမြူရေး အပတ်စဉ်(၁) သင်တန်းဖွင့်ပွဲမှာ ပြောကြားလိုက်ပါတယ်။
ပြတိုက်အတွင်း ရေချို၊ ရေငန်ငါးမျိုးစိတ်ပေါင်း (၁၀၀၀)ကျော် ထည့်သွင်းပြသမှာဖြစ်ပြီး အလှမွေး ငါးဈေးတန်း၊ စာကြည့်တိုက်တွေအပြင် ငါးလုပ်ငန်းနဲ့ပက်သက်တဲ့ သက်မွေးအတတ်ပညာ ကျောင်းကို ဖွင့်လှစ်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်ပါတယ်။
ငါးပြတိုက်ကို နိုင်ငံတကာအဆင့်မီ ရေအောက်ကမ္ဘာပုံစံ တည်ဆောက်နေတာဖြစ်ပြီး ပြတိုက်ထဲမှာ ထည့်သွင်းပြသမယ့် ငါးတွေကို ပြည်ပကနေမှာရင် ဈေးကြီးတာကြောင့် မြန်မာ့ ပင်လယ်ပြင်က ငါးမျိုးစိတ်တွေကို ထည့်သွင်းပြသရန် မြန်မာနိုင်ငံအလှမွေးငါးလုပ်ငန်းရှင်များ အသင်းက အကြံပေးထားတယ်လို့သိရပါတယ်။
လက်ရှိ ပြည်တွင်းမှာ အလှမွေးငါး ရေချိုငါးမျိုးစိတ် (၁၀၀)ကျော်နဲ့ ရေငန်ငါးမျိုးစိတ်(၃၀)ကျော်ရှိတယ်လို့သိရပါတယ်။
ကန်တော်ကြီးဥယျာဉ်မှာ တည်ဆောက်နေဆဲဖြစ်တဲ့ ရေချို၊ ရေငန် အလှမွေးငါးပြတိုက်ကို Myanmar Aquarium ကုမ္ပဏီက ငါးလုပ်ငန်းဦးစီးဌာနဲ့ ၂၀၁၃ ခုနှစ်တည်းက နှစ်ရှည်ငှားရမ်းစာချုပ် ချုပ်ဆိုပြီး မြေငါးဧကပေါ်မှာ ဆောက်လုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။