လူငယ် လူရွယ်တွေရဲ့အကျင့်စာရိတ္တတွေကိုပျက်ပြားစေတာတွေ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတာတွေကြောင့် IT နည်းပညာအလွဲသုံးစွဲမှုတွေကို လိုအပ်သလိုစောင့်ကြည့်ထိန်းကျောင်း ပေးဖို့ ပြည်ထောင်စုအစိုးရအား တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက် တယ်လို့ သိရပါတယ်။
ဂန့်ဂေါမဲဆန်္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် တင်သွင်းခဲ့တဲ့အဆိုကို နိုဝင်ဘာလ(၈)ရက်ကပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်(၅)ဦးကဆွေးနွေးခဲ့ပြီး ပြည်ထောင်စု အစိုးရ အဖွဲ့ကိုယ်စား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လာရောက်ရှင်းလင်းခဲ့ပြီး အတည်ပြုဖို့တင်ပြခဲ့တာပါ။
မြန်မာနိုင်ငံမှာ မိုဘိုင်းတယ်လီဖုန်းသုံးစွဲမှုနဲ့အင်တာနက်အသုံးပြုမှုနှုန်းတို့မှာ တစ်နှစ်ထက်တစ်နှစ်တိုးတက်လာနေပြီး ယခုနှစ် ဇူလိုင်လအထိ Active ဖြစ်တဲ့ ဆင်းကတ် အရေအတွက်(၅၄ဒသမ၈၂၉)သန်းရှိပြီး အင်တာနက်သုံးစွဲသူအရေအတွက်ဟာလဲ(၄၆ဒသမ၅၂၆) သန်း ရှိတယ်လို့သိရပါတယ်။အဲဒီအင်တာနက်သုံးစွဲသူအများစုဟာ လူမှုကွန်ယက်ဖြစ်တဲ့Facebook ကို အများဆုံးသုံးစွဲနေတာဖြစ်ပြီး(၁၄)သန်းခန့်ရှိ ကြောင်းသိရပါတယ်။
လူမှုကွန်ယက်တွေ သုံးစွဲမှုများပြားလာတာနဲ့အမျှ ပြည်သူတွေအတွက် ပြည်တွင်း သတင်း၊ ပြည်ပသတင်းတွေ၊လူမှုရေး၊နိုင်ငံရေးကိစ္စတွေ အပါအ၀င်အသိပညာဗဟုသုတတွေ တိုးပွား လာပေမယ့် တစ်ဖက်မှာလဲ လူငယ်လူရွယ်တွေအတွက် အကျင့်စာရိတ်္တပျက်ပြားစေတာတွေ၊ လောင်းကစားနဲ့မူးယစ်ဆေးဝါးရောင်းဝယ်တာတွေအပါအ၀င် ပြည်သူတွေအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့်လူမှုကွန်ယက်တွေကို မှန်ကန်အကျိုးရှိစွာအသုံးမချပဲ မှားယွင်းစွာအသုံးပြုနေတာ တွေ၊သတင်းတွေကို အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိတာတွေကြောင့် ရာဇ၀တ်မှုတွေဟာ ယခင်ကထက် မြင့်တက်လာနေကြောင်းသိရပြီး IT နည်းပညာအလွဲသုံးစွဲမှုတွေကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းပေးဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တစ်ခုတည်းနဲ့ ဆောင်ရွက်နိုင်ခြင်းမရှိပဲ အခြားဝန်ကြီးဌာနတွေ၊မိဘ၊ဆရာတွေနဲ့ ကျောင်းသား လူငယ်တွေ အားလုံးပူးပေါင်းဆောင်ရွက်ရမယ်လို့ပြောပါတယ်။
ဂန့်ဂေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ယဉ်မင်းလှိုင်က တင်သွင်းခဲ့တဲ့အဆိုအပေါ် ပြည်သူ့လွှတ်တော်ကအတည်ပြုဖို့ အဆုံးအဖြတ်ရယူရာ ကန့်ကွက်သူမရှိ တာကြောင့် အတည်ပြုလိုက်တာလို့သိရပါတယ်။