ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတွေဖြစ်ကြတဲ့ လူကာကူ၊ဒီဘရိုင်းနဲ့ ဆာလက်ခ်ျတို့ဟာ လက်ရှိ အချိန်မှာတော့ သက်ဆိုင်ရာ အသင်းအသီးသီးမှာ ခြေစွမ်းပြကစားနေကြတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကြယ်ပွင့်တွေဖြစ်ကြတဲ့ လူကာကူ၊ ဒီဘရိုင်းနဲ့ ဆာလက်ခ်ျတို့ဟာ ချဲလ်ဆီးအသင်းမှာ ကစားခဲ့စဉ်က ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ကစားသမားတွေဖြစ်ကြပါတယ်။
လက်ရှိအချိန် ယခုနှစ်ဘောလုံး မှာတော့ လူကာကူဟာ မန်ယူအသင်းနဲ့ ခြေစွမ်းပြကစားနေသလို ဒီဘရိုင်းကမန်စီးတီးအသင်း၊ ဆာလက်ခ်ျက လီဗာပူးလ်အသင်းတို့နဲ့ ထိပ်တန်းကစားသမားတွေအဖြစ် ထိုက်တန်တဲ့ခြေစွမ်းတွေ ပြသနေခဲ့ကြတာဖြစ် ပါတယ်။ တိုက်စစ်မှူးလူကာကူဟာ ချဲလ်ဆီးအသင်းမှာကစားခဲ့စဉ်က ပွဲထွက်ခွင့်ရရှိခဲ့တဲ့ (၁၅)ပွဲမှာ သွင်းဂိုး တစ်ဂိုးမှ မသွင်းယူနိုင်ခဲ့ပေမယ့် မန်ယူအသင်းမှာတော့ ပြိုင်ပွဲစုံ(၁၁)ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး (၇)ဂိုးအထိသွင်းယူ ထားကာ ခြေစွမ်းပြကစားနေတာဖြစ်ပါတယ်။
ဒီဘရိုင်းကလည်း ချဲလ်ဆီးအသင်း ကစားသမားဘ၀မှာ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပြီး ပွဲစဉ်(၉)ပွဲလောက်သာ ပွဲထွက်ခွင့်ရရှိခဲ့ကာ သွင်းဂိုး(၂)ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာတော့ ဒီဘရိုင်းဟာ မန်စီးတီးအသင်း ရဲ့ကွင်းလယ်ပိုင်းမှာ မရှိမဖြစ်အရေးပါတဲ့ ကစားသမားအဖြစ်ရှိနေခဲ့ပြီး အသင်းနဲ့ခြေစွမ်းပြ ကစားနေတာကြောင့် ချဲလ်ဆီးအသင်းက လက်လွှတ်ခဲ့တဲ့ ကစားသမားကောင်းတစ်ဦးအဖြစ် အများကသတ်မှတ်ထားကြတာဖြစ် ပါတယ်။
နောက်ထပ်ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဆာလက်ခ်ျဟာလည်း ချဲလ်ဆီးအသင်းမှာရှိစဉ်က ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ရုန်းကန်ခဲ့ရပြီး ဖီအိုရင်တီးနား၊ ရိုးမား အသင်းတွေဆီ အငှားသွားရောက်ကစားခဲ့ရပါတယ်။ (၂၀၁၆-၂၀၁၇)မှာတော့ ဆာလက်ခ်ျကို ရိုးမားအသင်းက ယူရို(၁၅)သန်းဝန်းကျင်ဖြင့် အပြီးသတ်ဝယ်ယူခဲ့ပြီး ရိုးမားအသင်းနဲ့ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ယခုနှစ် နွေရာသီဈေးကွက်မှာ လီဗာပူးလ်အသင်းက ပေါင်(၃၇)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဆာလက်ခ်ျဟာ လီဗာပူးလ်အသင်းနဲ့ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ(၁၇)ပွဲမှာ (၁၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
https://www.facebook.com/GoodMorningMyanmarLive/videos/2135922273100558/