1. Home
  2. Myanmar News

အမျိုးသမီးခရီးသည် တင်ပါးကိုကိုင်သူ YBS ယာဉ်အကူအား ရာသက်ပန်ထုတ်ပယ်

Myanmar News พ.ย. 14, 2560 view 1,741

ခရီးသည်အမျိုးသမီးအား တင်ပါးကိုင်၍ ယာဉ်ပေါ်မှ ဆွဲချခဲ့သူ YBS ၃၁ ယာဉ်လိုင်းမှ ယာဉ်အကူတစ်ဦးအား ယာဉ်လိုင်းမှ ရာသက်ပန်ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ကုန်းဘောင်ရန်ကုန်အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာ ဦးသန့်စင်ကြည်က ပြောကြားသည်။


ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကုန်သည်လမ်း၊ လမ်း ၅ဝ မှတ်တိုင်ထိပြေးဆွဲပေးနေသော YBS ၃၁ ယာဉ်လိုင်းမှ ယာဉ်အကူဖြစ်သူ ဦးထွန်းလင်းဦး သည် နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်း ၈ နာရီ ၄၅ မိနစ် အချိန်ခန့်က လမ်း ၅ဝ မှတ်တိုင်တွင် ခရီးသည်များအတင်အချပြုလုပ်စဉ် ခရီးသည်အမျိုးသမီးတစ်ဦးအား တင်ပါးကိုင်၍ ယာဉ်ပေါ်မှ ဆွဲချခဲ့သည့်အတွက် ကာယကံရှင်အမျိုးသမီးမှ အဆိုပါနေ့တွင် YRTA နှင့် ကုန်းဘောင်ရန်ကုန်အများနှင့် သက်ဆိုင်သော ကုမ္ပဏီအပါအဝင် အွန်လိုင်းမှတစ်ဆင့် တိုင်ကြားစာများပေးပို့ခဲ့ခြင်းဖြစ်သည်။


ဒါက ဘာပဲပြောပြော ကိုယ်ထိလက်ရောက်မှုဖြစ်သွားတယ်။ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ပြစ်ဒဏ် ၁၃၈ ချက်ထဲက အပိုဒ် ၄၆ အရ ယာဉ်လိုင်းကနေ ရာသက်ပန်ထုတ်ပယ်လိုက်ပါတယ်။ ယာဉ်အကူကို ကျွန်တော်တို့ စစ်ဆေးချက်အရ သူက ဝန်ခံတယ်။ သူ့အနေနဲ့ ထိမိသွားတယ်ပေါ့။ မတော်တဆထိသွားတယ် လို့ပြောတယ်။ ဒါပေမယ့်  အမျိုးသမီးတင်ပါးကို ထိမိတော့ အမျိုးသမီးလှည့်ကြည့်တဲ့အချိန် သူက ပြုံးစိစိနဲ့ လုပ်နေပြီးတော့ ပြန်တောင်းပန်ခဲ့တာလည်း မရှိဘူးလို့ သိရတယ်။ တမင်သက်သက်လား.. မတော်တဆ လားဆိုတာကတော့ ကာယကံရှင်ပဲ သိလိမ့်မယ်။ သူ့ကိုယ်သူ အပြစ်ပေါ့အောင်ပြောတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က တရားဝင်တိုင်ကြားချက်အရ သူ့ကို ရာသက်ပန်ထုတ်ပယ်လိုက်ပါတယ်”ဟု ဦးသန့်စင်ကြည်က ပြောသည်။


YBS ၃၁ ယာဉ်လိုင်းမှာ ကုန်းဘောင်ရန်ကုန်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလက်အောက်မှ ပြေးဆွဲနေသော ယာဉ်လိုင်းဖြစ်ပြီး ယင်းကုမ္ပဏီမှာ ၃၁ ယာဉ်လိုင်းအပါအဝင် ယာဉ်လိုင်း ၃ ခုအား ယာဉ် အစီးရေ ၂ဝဝ ခန့်ဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်သည်။


လက်ရှိတွင်လည်း ထိုသို့ YBS ယာဉ်လိုင်းများ စီးနင်းရာတွင် အဆင်မပြေမှုများကို နေ့ရက်၊ အချိန်၊ နေရာ၊ ကား နံပါတ်များနှင့်အတူဖြစ်စဉ်အကျဉ်းရေးသားပြီး လူမှုကွန်ယက် Facebook စာမျက်နှာနှင့် (Yangon Bus Service) YBS page မှ တစ်ဆင့် တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားချက်များအားလုံးကို ချက်ချင်းအရေးယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မဇ္ဇျိမသတင်း တစ်ရပ်တွင် ဖော်ပြပါရှိသည်။

 



Follow us on