PSG အသင်းရဲ့ကစားသမားတွေအတွက် လစာပေးချေရမှုဟာ ပေါင် (၂၇၉) သန်းအထိရှိနေပြီး၊ဥရောပ ထိပ်တန်းလိဂ် (၅) ခုမှာ လစာပေးချေရမှုအမြင့်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။
နွေရာသီဈေးကွက်အတွင်းက နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တဲ့ PSG အသင်းဟာ ကစားသမားတွေကိုလစာပေးချေရမှုနှုန်းထားလည်းမြင့်တက်လာပြီး၊ယခင်က လစာပေးချေရမှုအမြင့်ဆုံးဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ စံချိန်ကိုကျော်လွန်သွားခဲ့ပါတယ်။ဗြိတိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ နေမာရဲ့ တစ်ပတ် လုပ်ခဟာပေါင် (၅) သိန်း (၃) သောင်း (၇) ထောင်အထိရှိနေပြီး၊PSGအသင်းရဲ့ ကစားသမားတွေအတွက် လစာပေးချေရမှုစုစုပေါင်းဟာ တစ်နှစ် ကို ပေါင် (၂၇၉) သန်းအထိရှိနေပါတယ်။
PSGအသင်းရဲ့နောက်မှာတော့ ဘာစီလိုနာအသင်းက တစ်နှစ်ကို လစာအသုံးစရိတ် ပေါင် (၂၆၄) သန်းနဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။ ဘာစီလိုနာအသင်းမှာလစာအမြင့်ဆုံးကစားသမားက မက်ဆီဖြစ်ပြီး၊မက်ဆီရဲ့တစ်ပတ်လုပ်ခဟာ ပေါင်(၅)သိန်း အထိရှိနေတာဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းဟာ ဇန်န၀ါရီဈေးကွက်အတွင်းမှာ ဂရစ်ဇ်မန်း၊ ကော်တင်ဟို၊ ဒီမာရီယာအစရှိတဲ့ လစာငွေမြင့်မားတဲ့ ကစားသမားတွေကိုခေါ်ယူဖို့ကြိုးစားနေတဲ့အတွက် မကြာခင်အချိန် အတွင်းမှာလစာပေးချေမှုအမြင့်ဆုံးအသင်းဖြစ်လာနိုင်တယ်လို့လည်း ပြည်ပမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။
လစာပေးချေရမှု အမြင့်ဆုံးအသင်းတွေထဲမှာ နံပတ် (၃) နေရာမှာရှိနေတာက မန်ယူအသင်းဖြစ်ပြီး၊ တစ်နှစ် အသုံးစရိတ် ပေါင် (၂၆၄) သန်းနဲ့ လစာအမြင့်ဆုံးကစားသမားက တစ်ပတ်လုပ်ခပေါင် (၂) သိန်း (၉) သောင်း ရရှိတဲ့ပေါ့ဘာဖြစ်ပါတယ်။နံပတ် (၄) နေရာမှာရှိနေတာက ချယ်ဆီးအသင်းဖြစ်ပြီး၊တစ်နှစ်အသုံးစရိတ် ပေါင် သန်း (၂၅၀) နဲ့ လစာအမြင့်ဆုံးကစားသမားက တစ်ပတ်လုပ်ခပေါင် (၂) သိန်းရရှိတဲ့ ဟာဇက် ဖြစ်ပါတယ်။ နံပတ် (၅) နေရာမှာရှိနေတာက မန်စီးတီးအသင်းဖြစ်ပြီး၊တစ်နှစ်အသုံးစရိတ် ပေါင် (၂၄၄) သန်းနဲ့ လစာအမြင့် ဆုံးကစားသမားက တစ်ပတ်လုပ်ခပေါင် (၂) သိန်း (၂) သောင်းရရှိတဲ့ အဂူရိုဖြစ်ပါတယ်။