ကမ္ဘာပေါ်တွင်ပထမဦးဆုံး လူသားဦးခေါင်း အစားထိုးလဲလှယ်မှုကို တရုပ်ပြည်တွင် အကောင်အထည်ဖော်ရန် အလားအလာရှိနေကြောင်း ဆေးပညာအသိုင်းဝိုင်းမှ သတင်းထွက်ပေါ်လာခဲ့ပြီး အဆိုပါသတင်းက ကြားရသူအပေါင်းကို အလွန်အမင်းထိန့်လန့်စေခဲ့ပါသည်။ ဒါပေမယ့် ဒါဟာသတင်းအမှန်တစ်ရပ်လဲဖြစ်ပါတယ်။
အီတလီလူမျိုး အာရုံကြောခွဲစိတ်ဆရာဝန် Dr. Sergio Canavero က သူ၏မိတ်ဆွေ ဆရာဝန်ဖြစ်သူ တရုပ်လူမျိုး Dr. Ren Xiaoping နဲ့ပူးပေါင်းကာ လူသားဦးခေါင်း အစားထိုးလဲလှယ်ခြင်း စမ်းသပ်မှုကို လူသေများနဲ့ ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့သဖြင့် မကြာမီ သက်ရှိလူနာများမှာ ပြုလုပ်ပေးနိုင်တော့မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့က ဗီယင်နာမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သူ၏ဖေ့စ်ဘွခ်တွင် ရေးသားဖော်ပြခဲ့သည်။
လွန်ခဲ့သော ၂၀၁၅ ခုနှစ်တုန်းက Dr. Sergio Canavero နဲ့အတူ အရိုးခွဲစိတ်ကုဆရာဝန် Dr. Ren Xiaoping တို့ ပူးပေါင်းကာ နှစ်နှစ်အတွင်း အငြင်းပွားစရာဖြစ်နိုင်မည့် ခွဲစိတ်မှုတစ်ခု ပြုလုပ်ရန် အဖွဲ့ရှိနေပြီဖြစ်ကြောင်း ဟာဘင်ဆေးတက္ကသိုလ်၌ ထုတ်ဖော်ကြေညာခဲ့သည်။
၁၈ နာရီကြာ လူသေအလောင်း၏ ဦးခေါင်းကို အခြားလူသေအလောင်း ဦးခေါင်းနဲ့ အစားထိုးခွဲစိတ်စမ်းသပ်မှုတွင် မဏ္ဍိုင်ကျောရိုးမကြီးနှင့် သွေးကြေားများကို အောင်မြင်စွာပြန်ဆက်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
ယင်းကဲ့သို့ အောင်မြင်ခဲ့ခြင်းက လူဦးခေါင်း အစားထိုးလဲလှယ်နိုင်မှုဆိုတာ ဖြစ်နိုင်ကြောင်း သက်သေပြနေတယ်လို့ ဆိုပါတယ်။ ဦးဏှောက်ထိခိုက်သွားတဲ့ လူနာတွေကို အခြားအနာရောဂါကင်းတဲ့ လူသေတစ်ဦးရဲ့ ခေါင်းနဲ့ ပြန်လည်အစားထိုး လဲလှယ်ကုသနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဦးခေါင်းအစားထိုး လဲလှယ်မှုအတွင် ၂၄ နာရီကြာခွဲစိတ်ရမှာဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ကုန်ကျနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အဆိုပါဦးခေါင်းအစားထိုးခွဲစိတ်မှုကို ဆေးပညာလောကသားများထဲတွင် ဝေဖန်မှုများရှိနေခဲ့ပြီး အကယ်၍ အစားထိုးလို့ ရခဲ့မယ်ဆိုရင်တောင် ကျင့်ဝတ်အရ မလုပ်သင့်ကြောင်း ထောက်ပြမှုများ ရှိနေခဲ့သည်။
ဆေးပညာနဲ့ လူ့ကျင့်ဝတ်ဥပဒေပြဌါန်းချက်များအရ အဆိုပါဆရာဝန်နှစ်ဦး၏ အစီစဉ်ကို ယူနိုက်တက်စတိတ်နဲ့ ဥရောပနိုင်ငံများမှာ စမ်းသပ်မှုပြုလုပ်နိုင်ခြင်းမရှိပေ။ သို့သော် တရုပ်နိုင်ငံမှာတော့ အလားတူကိုယ်ကျင့်သိက္ခာဆိုင်ရာ တာမြစ်ချက်များ မရှိသေးသဖြင့် Dr. Canavero က သူ၏ဆေးပညာစမ်းသပ်ချက်ဖြင့် တရုပ်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်းနေရာ ပြန်ရောက်အောင် ကူညီနိုင်မည်ဟု ယုံကြည်နေသည်။
တရုပ်နိုင်ငံသမ္မတ Xi Jinping ကလည်း တရုပ်နိုင်ငံကို အရင်လို ကြီးကျယ်မှုမျိုးပြန်ဖြစ်အောင် လုပ်ယူရန် ဆန္ဒရှိနေသူဖြစ်သည့်အတွက် ခွင့်ပြုလိမ့်မည်ဟု Dr. Canavero ကပြောဆိုခဲ့သည်။ ခွဲစိတ်မှုအောင်မြင်ခြင်းနဲ့အတူ ယူအက်စ်ကို ကျော်တက်နိုင်လိမ့်မည်ဟု သူကယုံကြည်ထားသည်။
ယခင်ကလည်း Dr. Canavero နဲ့ Dr. Xiaoping တို့ မျောက်နှင့် ကြွက်လေးများကို ဦးခေါင်းအစားထိုးစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး သီခြားရလာဒ်များ ရရှိခဲ့ကြောင်း အာရုံကြောဆိုင်ရာသိပ္ပံပညာရှင် Dean Burnette က ပြောကြားခဲ့သည်။
Dr. Ren Xiaoping ဟာ သူ့ရဲ့အဖွဲ့နဲ့အတူ ၁၉၉၉ ခုနှစ်က ယူအက်စ်မှာ လက်အစားထိုးခွဲစိတ်မှု အောင်မြင်ခဲ့ပြီးနောက် ကျော်ကြားလာသော ဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ်။ ယူအက်စ်မှာ ၁၆ နှစ်ကြာနေထိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ တရုပ်အစိုးရက သုတေသနလုပ်ငန်းများအတွက် အထောက်အပံ့ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ဟာဘင်ကို ပြန်လည် ပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။ ထူးထူးခြားခြား စမ်းသပ်မှုတွေ လုပ်တတ်တဲ့သူ့ကို လူတွေကသူ့ကို တရုပ်ဒေါက်တာဖရန်ကန်စတိုင်းလို့ နာမည်ပြောင်ခေါ်ကြပါတယ်။
ဒါကြောင့် ကမ္ဘာပထမဦးဆုံး လူဦးခေါင်းအစားထိုးခွဲစိတ်မှုကို တရုပ်နိုင်ငံက တစ်ကယ်အကောင်အထည်ဖော်ခွင့် ပေးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။