
ယနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ပွဲကစားချိန် (၇၃) မိနစ်အရောက်မှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့တဲ့ စတုတ်စီးတီးအသင်းတိုက်စစ်မှူးပီတာခရော့ခ်ျကတော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် လူစားဝင်ကစားသမားအနေနဲ့ အကြိမ်အများဆုံးပါဝင်ကစားခဲ့တဲ့ ကစားသမားအဖြစ်မှတ် တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်ပြီး၊ စပါးစ်၊ လီဗာပူးလ်အသင်းနဲ့ လက်ရှိစတုတ်စီးတီး အသင်းမှာကစားနေတဲ့ပီတာခရော့ခ်ျဟာ အသက်အရွယ်အရအကျဘက်ကိုရောက်ရှိနေပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ ကစားသမားဘ၀ကနေ အနားယူခြင်းမရှိသေးတာဖြစ်ပါတယ်။ သူကတော့ ယခုလအတွင်း မှာပဲ ကမ္ဘာ့ဂင်းနစ်စံချိန် မှတ်တမ်းတစ်ခုအဖြစ်လည်း ခေါင်းတိုက်သွင်းဂိုးအများဆုံး သွင်းယူခဲ့တဲ့ကစားသမား အဖြစ် မှတ်တမ်းတစ်ခုကို တင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
ပီတာခရော့ခ်ျဟာ ယခုနှစ်ဘောလုံးရာသီ အသင်းနဲ့ ပြိုင်ပွဲစုံ(၁၀)ပွဲ ပါဝင်ကစားထားရာမှာ တစ်ပွဲသာပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရပြီး ကျန်တဲ့(၉)ပွဲစလုံး ကို လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ လူစားဝင်ကစား သမားအဖြစ် အကြိမ်အများဆုံး ပါဝင်ကစားခဲ့သူများစာရင်းမှာ ပီတာခရော့ခ်ျက(၁၄၃)ကြိမ်နဲ့ အကြိမ်အများဆုံး အဖြစ်ရပ်တည်နေပြီး၊ ပီတာခရော့ခ်ျရဲ့နောက်မှာတော့ နယူးကာဆယ်တိုက်စစ်မှူးဟောင်း အမီယိုဘီက (၁၄၂) ကြိမ်နဲ့ဒုတိယ၊ စပါးစ်၊ဆန်းဒါးလန်းအသင်းနဲ့လက်ရှိဘုန်းမောက်အသင်းတိုက်စစ်မှူး ဒီဖိုးက(၁၃၆)ကြိမ်နဲ့ တတိယ၊ ၀က်စ်ဟမ်းအသင်း တိုက်စစ်မှူးဟောင်း ကာတန်ကိုးလ်က (၁၂၉) ကြိမ်နဲ့ စတုထ္ထနေရာနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်အသင်းနဲ့ လက်ရှိအမေရိကန်ကလပ်အသင်းဖြစ်တဲ့ တန်ဘာဘေရိုဒီအသင်းတောင်ပံကစားသမား ဂျိုကိုးလ်က (၁၂၃)ကြိမ်နဲ့ ပဉ္စမနေရာတို့မှာ ရပ်တည်ခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင်လူစားဝင်ကစားသမားအဖြစ် အကြိမ်အများဆုံး ပါဝင်ကစားခဲ့သူများစာရင်းမှာ အာဆင်နယ်အသင်းတိုက်စစ်မှူးဟောင်း ကနူး၊ လီဗာပူးလ် အသင်းကစားသမား ဂျိမ်းစ်မီလ်နာ၊ မန်ယူအသင်းဂန္ထ၀င်ကစားသမားဟောင်း ရိုင်ယန်ဂစ်၊ အဲဗာတန်အသင်းနဲ့ ဆန်းဒါးလန်းအသင်း တိုက်စစ်မှူးဟောင်း အန်နီချီဘီ၊ ဆန်းဒါးလန်းအသင်းတောင်ပံကစားသမားဟောင်း အဒမ်ဂျွန်ဆင်တို့လည်း ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
comment