Yangon Water Bus ပြေးဆွဲတဲ့ တစ်လကျော်ကာလအတွင်းမှာ လိုက်ပါစီးနင်းသူတွေ များပြားလာတာကြောင့် နောက်ထပ်(၅)စီးထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမယ်လို့ တင့်တင့်မြန်မာ ကုမ္ပဏီမှ သိရပါတယ်။Yangon Water Bus စတင်ပြေးဆွဲတဲ့ အောက်တိုဘာလ(၇)ရက်ကစတင်ပြီး (၁)လကျော် ကာလအတွင်းစီးနင်းတဲ့ ခရီးသည်တွေပိုမိုများပြားလာတယ်လို့သိရပါတယ်။ Yangon Water Bus ကို စီးနင်းသူများပြားလာတာကြောင့် အချိန်မှီဂိတ်ကိုရောက်ရှိပေမယ့် ခရီးသည်ဦးရေ သတ်မှတ်ထားတာကြောင့် စောင့်ဆိုင်းရမှုတွေရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ခရီးသည်တွေ အနေနဲ့လည်း ရေယာဉ်အစီးရေကို တိုးချဲ့ပြေးဆွဲပေးဖို့ တောင်းဆိုထားကြတယ်လို့သိရပါတယ်။ယခုအခါ နောက်ထပ် Water Bus (၅)စီးထပ်မံတိုးချဲ့ပြေးဆွဲဖို့ရောက်ရှိနေပြီး ဒီဇင်ဘာလဆန်းပိုင်းမှာ စတင်ပြေးဆွဲပေးနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေက စစ်ဆေးမှုတွေပြုလုပ် နေတယ်လို့သိရပါတယ်။လက်ရှိမှာအစီးရေ(၈)စီးနဲ့သာပြေးဆွဲပေးနိုင်သေးတဲ့အတွက် ရေယာဉ်တွေ ဟာ သတ်မှတ်ချိန်ကိုမရောက်ရှိတာကြောင့် ခရီးသည်တွေ စောင့်ဆိုင်းနေရတဲ့အတွက် အခုလို(၅)စီး ထပ်တိုးပြီး စုစုပေါင်း အစီးရေ(၁၃)စီးအထိ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။
အခုထပ်မံရောက်ရှိလာတဲ့ရေယာဉ်(၅)စီးထဲမှ (၃)စီးကတော့ လူစီးထိုင်ခုံ(၆၀)ဆန့်တဲ့ စတီးဘုတ်တွေဖြစ်ပြီး ကျန်(၂)စီးကတော့ လူစီးထိုင်ခုံ(၂၀၀)ဆန့်တဲ့ (၂)ထပ်ရေယာဉ်တွေဖြစ်တယ်လို့ သိရပါတယ်။ Water Bus အနေနဲ့ လက်ရှိမှာ ပြေးဆွဲပေးနေတဲ့ ရေယာဉ်တွေကို ဗိုလ်တထောင်ကနေ အင်းစိန်အထိ မှတ်တိုင်(၇)ခုနဲ့ပြေးဆွဲပေးနေပြီး နောက်ပိုင်းမှာလည်း မှတ်တိုင်(၂)ခု တိုးချဲ့ပြေးဆွဲ ပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်။