1. Home
  2. Good Morning Myanmar

အသစ်ပြဋ္ဌာန်းလာမယ့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း အတွက် ဥပဒေနှင့်အမြင်စကားဝိုင်းပြုလုပ်ခဲ့

Good Morning Myanmar พ.ย. 29, 2560 view 1,596
ကလေးသူငယ်အခွင့်အရေးတွေနဲ့ကာကွယ်စောင့်ရှောက်ရေးအဖွဲ့စည်း၊တရားလွှတ်တော် ရှေ့နေ တို့မှ အသစ်ပြဋ္ဌာန်းလာမယ့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်အမြင်စကားဝိုင်း မှာ ဆွေးနွေးထောက်ပြသွားခဲ့ကြတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ဌာနဆိုင်ရာအဖွဲ့စည်း တွေနဲ့ စိတ်ပါဝင်စားတဲ့ ပြည်သူလူထုများမှ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
အသစ်ပြဋ္ဌာန်းလာမယ့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းဆွေးနွေးပွဲ မှာတော့ World Vision Myanmar အပါအ၀င် Plan International Myanmar မှဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံမှာ ကလေးသူငယ်ဥပဒေ(Child Law)ဟာ ၁၉၉၃ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီး၊မကြာခင် အသစ်ပြဋ္ဌာန်းလာမယ့် ကလေးသူငယ်အခွင့်ရေးများဆိုင်ရာဥပဒေမှာတော့ ၁၉၉၃ခုနှစ် ကလေး သူငယ်ဥပဒေ(Child law)မှ ပြင်ဆင်စရာရှိတဲ့ အချက်လက်တွေ၊လုပ်ဆောင်ဖို့ခက်ခဲမှုရှိနေတဲ့ အချက်တွေ၊မကိုက်ညီနေသေးတဲ့အချက်တွေကို အဓိကဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နိုဝင်ဘာလ (၂၅)ရက် နေ့မှာပြုလုပ်ခဲ့တဲ့ အသစ်ပြဋ္ဌာန်းလာမယ့်ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေကြမ်း ဆွေးနွေးပွဲမှ သိရပါတယ်။
 
လက်ရှိအချိန်ထိ ကလေးသူငယ်နဲ့ပက်သက်တဲ့အကြမ်းဖက်မှုတွေ၊သက်ငယ် မုဒိန်း၊ပညာရေးဆိုင်ရာ အားနည်းချက်မှု၊ကလေးမှောင်ခို၊ကလေးစစ်သားအစရှိတဲ့ ဖြေရှင်းလို့ မရနိုင်သေးတဲ့ ပြဿနာများစွာရှိနေသေးတယ်လို့သိရပြီး၊ဆွေးနွေးပွဲမှာတော့ ပြစ်မှုကြောင်းရာ အရေးယူရမယ့်အသက်၊ကျန်းမာရေးရှုထောင့်နဲ့တာဝန်ယူနိုင်မှုများအတွက် စောစီးစွာအိမ်ထောင်ကျမှု ကို တားမြစ်စေခြင်းအသက်ရွယ်၊ကလေးမွေးစားခြင်း၊ကလေးသူငယ်များကို ပြစ်မှုကျူးလွန်ခဲ့ရင် ကာကွယ်ပေးမှု၊ခေါင်းပုံဖြတ်(အလွဲသုံးစား၊အသုံးချ)ပြုမှုတွေကို အခုအသစ်ပြဋ္ဌာန်းလာမယ့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကြမ်းမှာ ထည့်သွင်းရေးဆွဲထားခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရူပါမြမှ ပြောပါတယ်။
 
အခုလို အသစ်ပြဋ္ဌာန်းလာမယ့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် အမြင်စကားဝိုင်းကို ဥပဒေနဲ့ဆက်စပ်နေတဲ့ ပညာရှင်များရဲ့အကြံပြုချက်တွေပါဝင်စေမယ့်အပြင် ပြည်သူတွေရဲ့အသံတွေကို ထင်ဟပ်ပါဝင်စေဖို့ပြုလုပ်တာဖြစ်ပြီး၊ဒီမိုကရေစီအကူးပြောင်းမှာ အထောက်ကူဖြစ်စေမယ့် ဥပဒေတွေထွက်ပေါ်လာစေဖို့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2162716240421161/


Follow us on