1. Home
  2. Myanmar News

ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်း (၁၄) နှစ်ပြည့်အထိမ်းအမှတ် တစ်ရက်တာ အခမဲ့ပြေးဆွဲပေး

Myanmar News ธ.ค. 06, 2560 view 1,625

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တည်ရှိရာ ကျိုက်ထီးတောင်သို့ ပြေးဆွဲပေးနေသည့် ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်း၏ (၁၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၆ ရက်တွင် ဘုရားဖူးများအား တောင်တက်မော်တော်ယာဉ်စီးရေ ၁၅၀ ဖြင့် အခမဲ့ပို့ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။


"တောင်တက်မော်တော်ယာဉ်အသင်းကို ဖွဲ့စည်းခဲ့တာက ၁၄ နှစ်မြောက်ခဲ့ပါပြီ။ အသင်းနှစ်ပတ်လည်မှာ တရက်တာအခမဲ့ပြေးဆွဲတာက ဒီအကြိမ်ပါဆိုရင် ၇ ကြိမ်ရှိပါပြီ။ ဒီနှစ်ဘုရားတွေက မနက် ၄ နာရီလောက်ကတည်းက ရောက်နေကြလို့ မနက်စောစောပိုင်းထဲက စတင်ပြေးဆွဲနေတာပါ"ဟု ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်ဥက္ကဋ္ဌ ဦးမျိုးမြင့်က News Watch သို့ ပြောသည်။

 


"ဒီနှစ်က မနှစ်ကထက် ဘုရားဖူးတွေပိုများလာတယ်။ ဒီနေ့တနေ့လုံး ဘုရားဖူးတွေမရှိတော့ဘူးဆိုမှ ကျွန်တော်တို့တောင်တက်ကားတွေကို ရပ်နားမှာပါ။ တောင်တက်မော်တော်ယာဉ်ပိုင်ရှင် မိသားစုတွေ၊ လူမှုရေးအသင်းအဖွဲ့တွေကလည်း ဒံပေါက်၊ မုန့်ဟင်းခါး၊ ထမင်း၊ သီးစုံဟင်းနဲ့တွေနဲ့စတုဒိသာ ကျွေးမွေးလှူဒါန်းသွားကြဦးမှာပါ"ဟု ၎င်းကဆက်လက်ပြောသည်။


"အဒေါ်တို့က မွန်ပြည်နယ်ဘက်မှာ စပါးလာရိတ်ပြီး အပြန်ဘုရားဝင်ဖူးတာပါ။ တောင်ပေါ်တက်တဲ့ကားတွေ အခမဲ့ပေးစီးတယ်ဆိုလည်း မသိပါဘူး။ ခုမှတခါဘဲရောက်ဖူးတယ်။ နှစ်တိုင်း ဒီအချိန်ဆိုရင် တောင်တက်ကားတွေ ပိုက်ဆံပေးစရာမလိုဘူးလို့ပြောကြတယ်။ နောက်နှစ်ဒီအချိန်ကျရင် ကိုယ့်ရွာကလူတွေကိုပါခေါ်လာပြီး လာဖူးဦးမှာပါ။ နောက်နှစ်တွေမှာလည်း ဒီထက်မကအောင်မြင်ပြီး ပိုကျွေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။"ဟု ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းသုံးခွမြို့နယ်မှ ဘုရားဖူးလာရောက်သူ ဒေါ်ကြည်စမ်းကပြောသည်။

 

သတင်းဓါတ်ပုံ- News Watch

 



Follow us on