
ရန်ကုန်မြို့အတွင်း မြေအောက်လူသွားလမ်း (Underpass) သုံးစင်းကို ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းတံတား) ထံမှ သိရသည်။

အဆိုပါမြေအောက်လူသွားလမ်းကို ဗဟန်းမြို့နယ် ဦးဝိစာရလမ်း (ရွှေတိဂုံဘုရား အနောက်ဘက်မုခ်အနီး)၊ ကမာရွတ် မြို့နယ်၊ ပြည်လမ်း (ပညာရေးတက္ကသိုလ်ရှေ့)နှင့် မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း (ရှစ်မိုင် ခုံးကျော်တံတားအနီး) တို့တွင် တည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
“အစိုးရလက်ထက် ပထမဆုံးလုပ်တဲ့ မြေအောက်လမ်းကူးတံတားပါ။ ဒါက အိပ်မက်ကို အကောင်ထည်ဖော်တာပေါ့” ဟု အဆိုပါဌာနမှ လက်ထောက်ဌာနမှူး ဦးကျင်အုံးက ပြောကြားသည်။
မြေအောက်လူသွားလမ်း တည်ဆောက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်တွင်းလုပ်ငန်းရှင်များကို တင်ဒါခေါ်ထားပြီး တင်ဒါတွင် နည်းပညာပိုင်းနှင့် ငွေကြေးပိုင်းဟူ၍ နှစ်မျိုးခွဲ၍ တင်ပြရမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (လမ်းတံတား) ထံမှ သိရသည်။
ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ရွေးချယ်မည် ဖြစ်သဖြင့် မြေအောက်လူသွားလမ်းပုံစံ၊ တံတားအရှည်၊ အကျယ်နှင့် တည်ဆောက်မည့် ဒီဇိုင်းပုံစံတို့ကို တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိသေးသော်လည်း အနည်းဆုံးပေ တစ်ရာကျော်အရှည် တည်ဆောက်ရမည် ဖြစ်ကြောင်း ဦးကျင်အုံးက ပြောဆိုသည်။
မြေအောက်လူသွားလမ်းများ တည်ဆောက်ပြီးပါက ကားလမ်းပေါ်က လမ်းမကူးရန်လည်း အကာအရံများ ကာရံမည်ဟု ဆက်လက် ပြောဆိုခဲ့ကြောင်း ရန်ကုန်စည်ပင်မှ သိရှိရသည်။
comment