ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှန်တကယ်ရင်းနှီးမြုပ်နှံပြီး၊လုပ်ငန်းလုပ်ကိုင် မယ့်သူတွေအတွက် အလွန်သက်သာတဲ့ နှုန်းထားနဲ့ မြေရရှိနိုင်ဖို့ တိုင်းအစိုးရအဖွဲ့အနေနဲ့ ဘက်ပေါင်းစုံကစီစဉ် ဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာ(၆)ရက်က ရန်ကုန်မြို့ IBC ခန်းမမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြား ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း မြေတွေလက်ရောက်ရယူထားတာမျိုး၊ လက်တွေ့အသုံးမချတာမျိုး၊ ဈေးကစားဖို့ စီစဉ်ဆောင်ရွက်နေတာမျိုးတွေရှိနေတယ်လို့ ၀န်ကြီးကပြောပါတယ်။ ဂျပန်နိုင်ငံ အိုဆာကာမြို့က အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့လာရောက်လေ့လာရာမှာ မြေဈေးအလွန်ကြီးမြင့်နေတဲ့အတွက် ရင်းနှီးမြုပ်နှံနိုင်ဖို့ ခက်ခဲတဲ့ အကြောင်း တိုင်းအစိုးရကို လာရောက်တွေ့ဆုံပြီးပြောကြားခဲ့ တာမျိုးရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် အနေနဲ့လည်း သီလ၀ါအထူးစီးပွားရေးဇုန်အပြင် အထူးစီးပွားရေးဇုန် အသစ်ထပ်မံ အကောင်အထည် ဖော်ဖို့စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။တစ်ဆက်တည်းမှာပဲ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်(၂၉)ခုမှာ မြေအောက်ရေ သုံးစွဲမှုနဲ့ ရေဆိုးသန့်စင်စနစ် စနစ်တကျမရှိသေးတဲ့အပေါ် ကြပ်မတ် ဆောင်ရွက်မှာဖြစ်ပြီး လျှပ်စစ်မီး ရရှိနိုင်ဖို့လည်း ဆောင်ရွက်နေတယ်လို့ပြောပါတယ်။ လှိုင်သာယာစက်မှုဇုန်မှာတော့ ပြီးခဲ့တဲ့လပိုင်း အတွင်း လျှပ်စစ်မီးမရရှိလို့ ရပ်နားထားရတဲ့ လုပ်ငန်းတွေလည်း ရှိနေတယ်လို့ဝန်ကြီးကပြောပါတယ်။
လှိုင်သာယာစက်မှုဇုန်မှာ အရင်နှစ်တွေကတည်းက စက်ရုံတွေအနေနဲ့ လျှပ်စစ်မီး အပြည့်အ၀မရရှိ တာကြောင့် လောင်စာဆီတွေနဲ့အစားထိုး လည်ပတ်နေရပြီး ရေရှည်မလုပ်ဆောင်နိုင်တဲ့ စက်ရုံတွေက ရပ်နားနေကြတာဖြစ်တယ်လို့ ဇုန်ကော်မတီက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ဒါ့အပြင် မြေ၊ရေ၊မီး လိုအပ်ချက်မရှိတဲ့ ခရီးသွားလုပ်ငန်းတွေအနေနဲ့ အခွန်အခကိစ္စ အပါအ၀င် အဆင်မပြေမှုတွေအတွက် လာရောက်ဆွေးနွေးနိုင်သလို မည်သည့်လုပ်ငန်းမဆို အခက်အခဲတွေအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ လာရောက်ဆွေးနွေး နိုင်တယ်လို့ ဒေါ်နီလာကျော်ကပြောပါတယ်။