စီးပွားရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီး တစ်ဦးရဲ့ (၁၅ နှစ်)အရွယ် သမီးဖြစ်သူ ရထားနဲ့ အိမ်ပြန်လာချိန်မှာ ကလေးလက်မှတ် ဝယ်ယူခဲ့တဲ့အတွက် လန်ဒန်၊ ယူစတွန် ပြည်နယ်မှာရှိတဲ့ ရထားဝန်ထမ်းက ရထားပေါ်တက်ခွင့်မပြုခဲ့ပါဘူး။
Timpson Shoe Repairs ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ James Timpson က သူ့ရဲ့ ၁၅ နှစ်အရွယ်သမီးလေး Niamh ကို ည (၇)နာရီအချိန်လောက်မှာ ရထားဘူတာမှာ တစ်ယောက်တည်း ချန်ထားခဲ့ခံရတာနဲ့ ပက်သက်ပြီး အလွန်အမင်းဒေါသထွက်ကာ သူ့ရဲ့လူမှုကွန်ယက် တွစ်တာပေါ်ကနေ ရထားလက်မှတ်ဓါတ်ပုံနဲ့တစ်ကွတင်ပြီး အဆိုပါဝန်ထမ်းကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
Niamh ဟာ Virgin ရထားလိုင်းနဲ့ Crewe မြို့ကိုပြန်ဖို့ ရထားပေါ်တက်တဲ့အချိန်မှာ ရထားလက်မှတ်စစ်က သူမဟာ အသက် ၁၅ နှစ်မကဘူးလို့ ယူဆပြီး ကလေးလက်မှတ်ဝယ်လာတဲ့ Niamh ကို ဘူတာမှာချန်ထားခဲ့တာဖြစ်ပါတယ်။
Timpson က ရထားလိုင်းဝန်ဆောင်မှုကို တွစ်တာပေါ်ကနေ
“Virgin ရထားဝန်ဆောင်မှုခင်ဗျား။ လက်မှတ်အစစ် ကိုင်ဆောင်ထားတဲ့ ၁၅ နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို လိုက်ပါခွင့်မပေးဘဲ ဘာဖြစ်လို့ ရထားဘူတာမှာ ထားခဲ့တာလဲ၊ မင်းတို့ ပြောတော့ သူ့မှာ သက်သေပြစရာ မှတ်ပုံတင် မပါဘူးလို့ ပြောတယ်နော်၊ အခုည ၇ နာရီတောင်ကျော်နေပြီ၊ ကောင်မလေးက ရထားဘူတာမှာ တစ်ယောက်တည်းနေခဲ့ရတာ၊ ဒီလိုအချိန်မျိုးမှာတောင် သူမအသက် မှန်၊ မမှန် သက်သေပြစေချင်သေးတာလား။ ဒါတော်တော် ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တစ်ခုပဲ” လို့ ဒေါသတကြီးနဲ့ ရေးသားခဲ့ပါတယ်။
Virgin ရထားဝန်ဆောင်မှုက ပြောရေးဆိုခွင့်ရှိသူကတော့ “အသက် ၁၆ နှစ်အောက်အရွယ်တွေအတွက် လက်မှတ်ခ ၅၀% လျော့ပေးတာတော့မှန်ပါတယ်၊ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကလေးလက်မှတ်ဝယ်ယူသူအချို့က သူ့တို့အသက်ထက် ကြီးနေတဲ့ပုံစံပေါက်နေတာမျိုးတွေ့ရပါတယ်၊ အဲဒီအခါမှာ အသက်မှန်မမှန်ဆိုတာ သက်သေပြဖို့ ထောက်ခံချက်ကတ် တစ်ခုခု ပြသဖို့လိုပါတယ်။ “မစ္စတာ Timpson နဲ့ သူ့သမီး အတွက် အဆင်မပြေမှုတွေ ဖြစ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်” ပြန်လည်ဖြေရှင်း ပြောကြားလိုက်ပါတယ်။