1. Home
  2. Good Morning Myanmar

ရုပ်ရှင်ရုံနဲ့ ဆိုင်ခန်းငှားရမ်းခတွေနှစ်ဆနီးပါးမြင့်တက်လာပေမယ့် နည်းနေသေးဟုဆို

Good Morning Myanmar ธ.ค. 19, 2560 view 1,488

မြန်မာ့ရုပ်ရှင်မြင့်တင်ရေးလုပ်ငန်းက ရန်ကုန်တိုင်းဒေသကြီးရဲ့ လာမယ့် ကြားဘတ်ဂျတ်မှာ ရုပ်ရှင်ရုံနဲ့ဆိုင်ခန်းငှားရမ်းခတွေ နှစ်ဆနီးပါးမြင့်တက်လာပေမယ့် ဈေးနှုန်းက နည်းနေသေးတယ်လို့ တိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးကြံပြုလိုက်တာပါ။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မတိုင်ခင် လာမယ့် (၆)လတာ ကြားဘတ်ဂျတ်မှာ မြန်မာ့ရုပ်ရှင်မြင့်တင်ရေးလုပ်ငန်းက ရုပ်ရှင်ရုံနဲ့ဆိုင်ခန်းငှားရမ်းခတွေကို ခုဘဏ္ဍာနှစ်ကထက် နှစ်ဆနီးပါးမြှင့်တက် ထားပေမယ့် ဒီပမာဏဟာ နည်းနေသေးတာဖြစ်တယ်လို့ ဒီဇင်ဘာ(၁၃)ရက်က ပြုလုပ်တဲ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ဒဂုံမြို့နယ်အမတ် ဦးကျော်ဇေယျကပြောကြားတာပါ။

ခုဘဏ္ဍာနှစ်မှာ ရုံ(၁၄)ရုံကို ငှားရမ်းထားတဲ့ဈေးနှုန်းဟာ တစ်လကို (၁၃၅)သိန်းပဲရနေလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ငန်းရှင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းဆုံးဖြတ်ပြီးနောက် လာမယ့်ကြားဘတ်ဂျတ်မှာ တစ်လ (၂၄၁)သိန်း ၀န်းကျင်ရရှိအောင် တိုးမြင့်ထားပေမယ့် ဒီပမာဏဟာလဲ နည်းနေသေးတာကြောင့် ဦးကျော်ဇေယျက အကြံပြုဆွေးနွေး ခဲ့တာပါ။ဒီလိုရုပ်ရှင်ရုံတွေ ငှားရမ်းခတွေကို တိုးမြင့်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက တိုင်းလွှတ်တော်မှာ ဒဂုံမြို့နယ်အမတ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးခွန်း မေးမြန်းခဲ့ပါသေးတယ်။ ဒဂုံမြို့နယ်က သမ္မတရုပ်ရှင်ရုံတစ်ရုံရဲ့ လက်ရှိတစ်လ၀င်ငွေဟာ ကျပ်သိန်း (၈၀၀)၀န်းကျင်ရရှိနေပြီး အစိုးရအနေနဲ့ ဒီရုပ်ရှင်ရုံနဲ့ ဆိုင်ခန်းတွေပါငှားရမ်းခဟာ တစ်လ ကျပ်သိန်း(၅၀)ကျော်သာ ရရှိနေတယ်လို့လဲဆိုပါတယ်။

ဒီအကြောင်းကို ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်မတိုင်ခင် လာမယ့် (၆) လတာကြား ဘတ်ဂျတ်(၂၀၁၈)ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးမှန်ခြေငွေစာရင်း (လျာထားချက်)နဲ့ စပ်လျဉ်ပြီး တိုင်းလွှတ်တော်မှာ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေ အသီးသီးက ဆွေးနွေးအကြံပြုစဉ် ဒဂုံမြို့နယ်အမတ် ဦးကျော်ဇေယျက ဆွေးနွေး အကြံပြုခဲ့တာလဲဖြစ်ပါတယ်။ ဒီလျာထားချက်ကို တိုင်းလွှတ်တော်ကိုယ်စားလှယ်(၇)ဦးကဆွေးနွေးခဲ့ပြီး ဒီဆွေးနွေးချက် တွေအပေါ် တိုင်းအစိုးရအဖွဲ့က သဘောထားမှတ်ချက်ပေးဖို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌက ဒီဇင်ဘာ၁၅ရက်ကို ချိန်းဆိုလိုက်ပါတယ်။

https://www.facebook.com/GoodMorningMyanmarLive/videos/2189054864453965/



Follow us on