
မူလက ဗိုလ်ချုပ်ရုပ်ရှင်အတွက် ကျပ်သိန်းပေါင်း သုံးသောင်းကျော် ကုန်ကျမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး ဇာတ်ညွှန်းကို ၂ နှစ်ခန့်အချိန်ယူကာ ရေးသားပြင်ဆင်ခဲ့ရသည်။ ဗိုလ်ချုပ်ရုပ်ရှင်ကို နိုင်ငံတော်ဘားဂျတ်ဖြင့် ရိုက်ကူးပါက အဆင်ပြေနိုင်သော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ စားဝတ်နေရေးကျပ်တည်းနေသည့်အတွက် ကျပ်သိန်း ၈၄၀၀ ဖြင့်ရအောင်ရိုက်ကူးရန် ညွှန်ကြားထားသည့်အတွက် ဇာတ်ညွှန်းအသစ်ကို ခြောက်လခန့်အချိန်ယူကာ ပြန်လည်ရေးသားရမည် ဖြစ်ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောကြားခဲ့သည်။
“လက်ရှိမှာ ကျွန်တော်က Time Frame ကို အချိန် ၂ နှစ်ပဲ ယူထားတာဖြစ်တဲ့အတွက် ဇာတ်ညွှန်းကို အတည်ပြုပြီးသားဖြစ်ဖို့ လိုအပ်တယ်။ တကယ် အလုပ် လုပ်ရတော့မှ ဇာတ်ညွှန်းကို ထပ်ပြောင်းရမယ်ဆိုရင် အချိန်ကာလတွေက ခြောက်လ၊ ခုနစ်လ လောက် ကုန်သွားပြီဆိုတဲ့ဟာမျိုး ဖြစ်လာရင် အဆင်မပြေဘူး။ Time Frame က ၂ နှစ်ဆိုတာ နည်းပါတယ်။ ကျွန်တော်တို့ အချိန်က ၆ နှစ်တောင် ကုန်ခဲ့ပြီ။ အဲဒီထက် ပိုယူ လို့လည်း မကောင်းတော့ဘူး။ အဲဒီတော့ တကယ်လို့သာ ကျပ်သိန်း ၈၃၀၀ နဲ့သာ ရိုက်ရမယ့်ဇာတ်ညွှန်းဖြစ် လာမယ်ဆိုရင်တော့ ဒီရုပ်ရှင်က ဇာတ်ဝင်ခန်းတွေမှာ မြန်မာနိုင်ငံ မှာက ဆက်တင်ဆောက်တဲ့ပညာ ရှင်တွေလည်း မရှိတဲ့အတွက် ရိုက်ကူးရေးတွေနဲ့ပတ်သက်လို့ အခက်အခဲတွေကလည်းရှိတာ ပေါ့လေ။ လူတွေ၊ အဝတ်အစား တွေ၊ နေရာဒေသတွေ ပြီးတော့ ပါဝင်မယ့်သူတွေ။ ဘာလို့လဲဆိုတော့ အခြားလူမျိုးတွေလည်း ပါနေသလို အင်္ဂလိပ်တွေ ပါနေ မယ်။ အိန္ဒိယတွေ ပါနေမယ်။ ဂျပန်တွေ ပါနေမယ်၊ အဲဒါတွေ အကုန်လုံးကို သိန်း ၈၀၀၀ ကျော်နဲ့ ရိုက်ရမယ်ဆိုရင် လုံလုံလောက်လောက်တော့ အသုံးပြု နိုင်မှာမဟုတ်ဘူး။ အဲဒီတော့ ဘတ်ဂျက်အနေအထားအရ ဇာတ်ညွှန်းတွေ အဲဒါမျိုးတွေကို လျှော့ပြီးတော့ ရိုက်ရမယ့်အနေ အထားတော့ ရှိတယ်” ဟု ဆိုသည်။
ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၈ ခုနှစ်တွင် အကောင်းဆုံးကြိုးစားကာ စတင်ရိုက်ကူးသွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ထွက်ရှိနိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တူမောရိုးသတင်းမှ ကောက်နုတ်ဖော်ပြပါသည်။
comment