1. Home
  2. Myanmar News

မိန်းကလေးငယ်များအား ဖျားယောင်းပြီး တရုတ်မယားအဖြစ် ရောင်းစားသူ အမျိုးသမီး (၂)ဦးအား ဖမ်းဆီးရမိ

Myanmar News ธ.ค. 26, 2560 view 1,568

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာအုပ်စု ကျေးရွာအတွင်းရှိ အမျိုးသမီးငယ်များအား မူဆယ်မြို့အထည်ဆိုင်တွင် တစ်လလျှင် ကျပ်တစ်သိန်းခွဲရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူ သုံးဦးအနက် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။


သိုဟုန်း၊ ရှမ်းရွာ၊ ရွှေလီမြို့တွင်နေထိုင်သူ ဒေါ်ခင်မာလာသိန်း(ခ) နွယ်နီခိုင် (၄၅ နှစ်)က ဝမ်ချောင်းရပ်ကွက်၊ အောင်လံမြို့တွင် နေထိုင်သော ဒေါ်တင်တင်ခိုင် (ခ) မခိုင် (၄၂ နှစ်)အား အလုပ်သမားရှာခိုင်းခဲ့ရာ ဒေါ်တင်တင်ခိုင်က သူမနှင့်ခင်မင်ရင်းနှီးသော လျှပ်စစ်လမ်းခွဲ၊ ဇေယျာသီရိမြို့နယ်နေထိုင်သူ ကျော်မင်းဦး (၂၅ နှစ်ခန့်) နှင့် ဆက်သွယ်ကာ ပြီးခဲ့သော စက်တင်ဘာလအတွင်းက လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာနေ မစန်းတင့် ဆိုအား မူဆယ်မြို့အထည်ဆိုင်တွင် တစ်လလျှင် ကျပ်တစ်သိန်းခွဲရမည်ဟု ပြောဆိုစည်းရုံးခဲ့သည်။


ထို့နောက် မစန်းတင့်၏ မိဘများအား လုပ်အားခ (၁၀) လစာအတွက် ကျပ် (၁၅) သိန်းအား ကျော်မင်းဦးမှတစ်ဆင့် ပေးခဲ့ပြီးနောက် မူဆယ်သို့ ခေါ်ဆောင်ခဲ့ပြီး ဒေါ်ခင်မာလာသိန်း နေထိုင်ရာ ရွှေလီသို့ ပို့ဆောင်ပေးခဲ့သည်။


ဒေါ်ခင်မာလာသိန်းမှ မစန်းတင့်အား တရုတ်အမျိုးသားတဦးထံ တရုတ်မယားအဖြစ် ရောင်းစားခဲ့ပြီးနောက် ဒေါ်တင်တင်ခိုင် နှင့် ကျော်မင်းဦးကို ငွေကျပ်(၄)သိန်းစီ ပေးအပ်ခဲ့ကြောင်း လက်ရှိတွင် ရွှေလီမြို့တွင် နေထိုင်နေပြီး ကျေးရွာသို့ပြန်လည်ရောက်ရှိနေသူ ဒေါ်တင်တင်ခိုင် (ခ) မခိုင် အား သတင်းအရ ရဲအဖွဲ့မှသွားရောက် စုံစမ်းစစ်ဆေးခဲ့ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။


ယင်းစစ်ဆေးတွေ့ရှိချက်အရ မစန်းတင့်အား မူဆယ်မြို့ အထည်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်ပြောဆိုပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားကာ တရုတ်မယားအဖြစ် ရောင်းစားခဲ့သူ ဒေါ်တင်တင်ခိုင် (ခ) မခိုင်၊ ဒေါ်ခင်မာလာသိန်းနှင့် ကျော်မင်းဦးတို့အား ဒီဇင်ဘာ ၂၆ ရက် နံနက် ၀၈၃၀ အချိန်တွင် ၂၀၀၅ ခုနှစ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၄ ဖြင့် အမှုဖွင့်၍ ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း၊ လက်ရှိတွင် ကျော်မင်းဦးအားဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်းလည်း သတင်းရသည်။

 

သတင်းရင်းမြစ် - ထွန်း(နေပြည်တော်)


 



Follow us on