1. Home
  2. Myanmar News

ဘင်္ဂါလီများကို ခိုးသွင်းမှုဖြင့် ကြေးမုံသတင်းထောက် ဖမ်းခံရ

Myanmar News ธ.ค. 29, 2560 view 1,840

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဘင်္ဂါလီခြောက်ဦးကို ခိုးသွင်းခဲ့မှုနှင့်ပတ်သက်၍ ကြေးမုံသတင်းစာမှ သတင်းထောက်ကတ် ကိုင်ဆောင်ထားသူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပန်းတောင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။


ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီအချိန်က အစစ်ဆေးမခံဘဲ မောင်းတံကိုတိုက်ကာ ကားတစ်စီး ထွက်ပြေးလာကြောင်း သတင်းအရ လိုက်လံဖမ်းဆီးခဲ့ရာ ပန်းတောင်းတောင်ကုတ်ကားလမ်းဘေးရှိ ညောင်ခြေထောက်ကျေးရွာ၌ ဝင်ရောက်ခိုလှုံစဉ် ပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ ဘင်္ဂါလီများကို ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်း ကျောက်ဖြူမြို့မှ တင်ဆောင်လာခြင်းဖြစ်ပြီး ခိုးဝင်များကို စစ်ဆေးအရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ဘက်မှ ပြည်ဘက်သို့ ကျောက်ဖြူအခြေစိုက် ကြေးမုံသတင်းထောက် စောမိုးကျော် (၅၀နှစ်) မောင်းနှင်လာသော Toyota Mark2 ခဲရောင်ယာဉ်သည် ယင်းဘင်္ဂါလီခြောက်ဦးကိုတင်ဆောင်လာပြီး ညောင်ကျိုး လ.ဝ.ကဂိတ်၌ အစစ်ဆေးမခံဘဲ မောင်းတံကိုဖြတ်တိုက် မောင်းပြေးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးစောမိုးကျော်ကို (ပ) ၂၁၁/ ၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်ထားပြီး ဘင်္ဂါလီခြောက်ဦးကို လဝက ဥပဒေ ၆ (၂) ၆(၃) ဖြင့် ဥသျှစ်ပင် နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေး အရေးယူလျက်ရှိသည်။


သတင်း - ဆရာမောင်(ကြေးမုံသတင်းထောက်)
 



Follow us on