1. Home
  2. Good Morning Myanmar

ရွှေတိဂုံစေတီ၊ သိဂုင်္တ္တရပန်းခြံတွင် ဓမ္မစေတီဖြစ်တဲ့ ပိဋကတ်သုံးပုံ ကျောက်စာ တိုင်တွေကို စိုက်ထူပူဇော်သွားမည်

Good Morning Myanmar ม.ค. 09, 2561 view 1,634
ဇန်န၀ါရီ ၅ ရက်က တိုင်းဒေသကြီး သံဃနာယကအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ ရွှေတိဂုံစေတီတော် မြတ်ကြီးအား သံဃာတော်အပါး ၁၈၀၀၀ ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူတဲ့ မင်္ဂလာအခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဂိုဏ်းပေါင်းစုံ သံဃနာယက ဆရာတော်ကြီးများထံ ၀န်ချတောင်းပန်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဓမ္မစေတီအဖြစ် ပိဋကတ်သုံးပုံ ကျောက်စာတိုင်တွေကို ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ် စိုက်ထူလှူဒါန်းသွားမှာ ဖြစ်တယ်လို့ လျှောက်ထားခဲ့ကြောင်း သိရပါတယ်။
 
ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်အပါး ၁၈၀၀၀ ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူတဲ့ မင်္ဂလာအခမ်းအနားမှာ ရရှိခဲ့တဲ့ အလှူငွေတွေကို အသုံးပြုပြီး ပိဋကတ်သုံးပုံ ကျောက်စာတိုင်တွေကို ရွှေတိဂုံဘုရား ပရ၀ုဏ်အတွင်းရှိ သိဂုင်္တ္တရ ပန်းခြံမှာ အများပြည်သူ ဖူးမြော်နိုင်ရန် စိုက်ထူ ပူဇော်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးတွေထံ လျှောက်တင်ခဲ့ပါတယ်။
 
 
ဓမ္မစေတီ ပိဋကတ်သုံးပုံကို ကမ်္ပည်းရေးထိုးဖို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို လျှောက်တင်ပြီး ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်တဲ့ ဆရာတော်တွေနဲ့ ပါဠိတော် အဋ္ဌကထာတွေကို မြန်မာပြန်ဆိုနိုင်ဖို့ အဖွဲ့ဖွဲ့စည်းသွား မှာဖြစ်ပါတယ်။ ဒါ့အပြင် ပိဋကတ်သုံးပုံ ကမ္ပည်းရေးထိုး နိုင်ဖို့နိုင်ငံတော်အစိုးရနဲ့သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနကိုလည်း တင်ပြသွားမှာဖြစ်ပြီး ရွှေတိဂုံစေတီတော်မြတ် သြ၀ါဒါစရိယ ဆရာတော်ဘုရားကြီး ထံမှ ခွင့်ပြုမိန့်ရပြီးမှ ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ် စိုက်ထူလှူဒါန်းနိုင်ဖို့ ဆောင်ရွက်သွား မှာဖြစ်တယ်လို့သိရပါတယ်။
 
ပိဋကတ်သုံးပုံ ကျောက်စာတိုင်လှူဒါန်းဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လျှောက်တင်တဲ့နေရာမှာ ကျောက်စာရေးထိုးတာက နှစ်နှစ်ကနေ သုံးနှစ်အထိ အချိန်ပေးရတာကြောင့် ကျောက်တိုင်အစားထိုး အဆင့်မြင့်နည်းပညာသုံးပြီး ပိဋကတ်သုံးပုံ ကမ္ပည်းရေးထိုးဖို့ ဆရာတော်ကြီး တွေက မိန့်ကြားခဲ့ပါတယ်။ ပိဋကတ်သုံးပုံ ကျောက်စာတိုင်တွေကို ရန်ကုန်မြို့တွင်းမှာ စိုက်ထူ ပူဇော်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။
 
 
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပင့်သံဃာတော် အပါးတစ်သောင်းရှစ်ထောင်ဖြင့် အနေကဇာ တင်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူတဲ့ အခမ်းအနားအောင်မြင်တဲ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ ၀န်ချတောင်းပန်ပွဲကို ဂိုဏ်းပေါင်းစုံ သံဃနာယက ဆရာတော် အပါး ၃၀ တက်ရောက် ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ အလှူရှင်တွေနဲ့ ဝေယျာဝစ်္စ လုပ်ကိုင်ရသူတွေက အခမ်းအနားမှာ ပါဝင်ရတဲ့ သံဃာတော်တွေ အပေါ် တာဝန်မကျေပွန်တာ၊ အပြစ်လုပ်မိတာတွေရှိရင် သြကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ တောင်းပန်လျှောက်ထားခဲ့တာပါ။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2224611764231608/


Follow us on