1. Home
  2. Special or Others

ကွန်ပျူတာပရိုဂရမ်မာဖွင့်တဲ့ Open Source စားသောက်ဆိုင်

Special or Others ม.ค. 12, 2561 view 1,453

ဂျပန်နိုင်ငံက ကွန်ပျူတာပရိုဂရမ်မာဟောင်း အမျိုးသမီးတစ်ဦးဟာ ပရိုဂရမ်ရေးဆွဲခဲ့တဲ့ အတွေကြုံကောင်းတွေကနေတစ်ဆင့် သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် စားသောက်ဆိုင်တစ်ဆိုင်ကို သူများနဲ့မတူ တစ်မူထားခြားအောင် ဖွင့်နိုင်ခဲ့ပါတယ်။

အသက် (၃၃)ရှိပြီဖြစ်တဲ့ Sekai Kobayashi ဟာ တိုကျိုနည်းပညာတက္ကသိုလ်ကနေ ကွန်ပျူတာအင်ဂျင်နီယာသိပ္ပံဘွဲ့ရရှိခဲ့ပြီး ဂျပန်နိုင်ငံက IBM ကုမ္ပဏီမှာ ပရိုဂရမ်မာအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီနောက် အစားအသောက် ချက်နည်းပြုတ်နည်းတွေ တင်ပြတဲ့ Cookpad Inc ကို အလုပ်ပြောင်းရွေ့ခဲ့ပါတယ်။

Cookpad ကုမ္ပဏီမှာ ဝန်ထမ်းတွေ ချက်ပြုတ်စားသောက်နိုင်အောင် မီးဖိုခန်းအကြီးကြီးတစ်ခု ထားပေးထားပါတယ်။ နေ့လည်စာ ချက်စားကြတဲ့အခါတိုင်း လုပ်ဖော်ကိုင်ဖက်တွေက သူမရဲ့ အချက်အပြုတ်လက်ရာကို အားပေးကြရာကနေ ကိုယ်ပိုင်စားသောက်ဆိုင် ဖွင့်ရင်ကောင်းမယ်လို့ စိတ်ကူးရခဲ့တာဖြစ်ပါတယ်။

သူမဟာ “Mari Shokudo” ဆိုတဲ့ စားသောက်ဆိုင်လေးကို စတင်တည်ထောင်ခဲ့ပါတယ်။ စားပွဲဝိုင်း ၁၂ ဝိုင်းသာရှိတဲ့ ဆိုင်လေးမှာ အမြဲတမ်းဝန်ထမ်းဆိုလို့ သူမတစ်ဦးတည်းသာရှိပါတယ်။ သူမစားသောက်ဆိုင်ရဲ့ ထူးခြားချက်ကတော့ စားသုံးသူတွေက အစားအသောက်ဖိုးကို ပိုက်ဆံနဲ့ ရှင်းလို့ရသလို သူမရဲ့ဆိုင်မှာ အလုပ်ချိန် အဆိုင်း တစ်ဆိုင်း အလုပ်လုပ်ပေးတဲ့နည်းနဲ့လည်း ပေးချေနိုင်ပါတယ်။

တစ်ရက်လျှင် နေ့လည်နဲ့ ညနေ အလုပ်ချိန် နှစ်ပိုင်းခွဲထားပါတယ်။ သူမရဲ့ဆိုင်မှာ လုပ်အားပေးတဲ့နည်းနဲ့ ပေးချေလိုတဲ့ ကာစတန်မာဟာ တစ်ကြိမ်တော့ ဆိုင်မှာ စားဖူးရပါမယ်၊ ဒါမှလည်း ဆိုင်ရဲ့ အထားအသို အပြင်ဆင်နဲ့ လုပ်ပုံကိုင်ပုံတွေကို ရင်းနှီးမှာဖြစ်ပါတယ်။
ဆိုင်ဖွင့်ခဲ့တဲ့ နှစ်နှစ်ကာလမှာ လုပ်အားပေးတဲ့နည်းကို ရွေးချယ်ထားကြတဲ့ ကာစတန်မာ ၅၀၀ လောက် သူမမှာရှိနေတဲ့အတွက် ဝန်ထမ်းကိစ္စမပူရတော့ပါဘူး။

သူမတက္ကသိုလ်တက်စဉ်က စားသောက်ဆိုင်မှာ အချိန်ပိုင်း အလုပ်လုပ်ခဲ့ဖူးပေမယ့် တစ်ကယ်ကိုယ်ပိုင်ဆိုင်ဖွင့်တော့မယ်လို့ ဆုံးဖြတ်ခဲ့ချိန်မှာတော့ သက်ဆိုင်ရာ သင်တန်းတွေကို တက်ရောက်ခဲ့ပါတယ်။
သူမရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပြောင်းလဲခဲ့တာနဲ့ပက်သက်ပြီး “လူတစ်ယောက်ဟာ အလုပ်ရွေးတာမှားသွားရင် သူ့ဘဝတစ်လျှောက်လုံး ပျော်ရွှင်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ လမ်းကြောင်းကို တစ်ဖြည်းဖြည်း ပြန်ပြောင်းယူလို့ရပါတယ်

အင်ဂျင်နီယာလုပ်ခဲ့တဲ့ အချိန်တွေဟာ အလကားပဲလို့ ဘယ်တုန်းကမှ မတွေးမိပါဘူး၊ အဲဒီအတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး အခုစားသောက်ဆိုင်လေးရဲ့ ပုံစံကို Open Source စနစ်ဖြစ်အောင်ဖန်တီးပြီး အားလုံးကို ပွင့်လင်းမြင်သာအောင် လုပ်ထားနိုင်ခဲ့ပါတယ်

Kobayashi ဟာ သူမရဲ့ စားသောက်ဆိုင် ဝဘ်ဆိုက်လေးမှာ ရှေ့ဆက်မယ့် စီးပွားရေးအစီစဉ်တွေ၊ အသုံးစရိတ်တွေ အားလုံးကို နေ့စဉ် ချပြထားပြီး အများက ဝင်ရောက်ရေးသား ပြုပြင်မှုတွေ လုပ်နိုင်တဲ့အတွက် သူမရဲ့ စီးပွားရေး ပိုမိုတိုးတက်လာသလို သူမလို စားသောက်ဆိုင်အသစ် စဖွင့်လိုသူတွေအတွက် နည်းလမ်းကောင်းတွေ အတွေ့အကြုံတွေ ဆည်းပူးနိုင်တယ်လို့ ဆိုပါတယ်။


 



Follow us on